သာကေတ ဇွန် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က အ.ထ.က (၃) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဟောပြောပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူက အဖွင့်အမှာစကားပြောကြားပြီး အ.ထ.က (၃) ကျောင်းအုပ်ဆရာကြီး ဦးမောင်မောင်လှက လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပမှုအပေါ် ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် သာကေတမြို့နယ် တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ထက်ထက်ဝေက တိုင်းရင်းဆေးအကြောင်း သိကောင်းစရာများကို လည်းကောင်း၊ မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင်၊ မြို့နယ်စာပေချစ်မြတ်နိုးသူများအဖွဲ့ Book Club အဖွဲ့ ဥက္ကဌ နန်းဟင်းပြင်းက လူငယ်များဘက်စုံဖွံ့ဖြိုးရေးအကြောင်းကို လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းကျော်ကျော်က လူငယ်နှင့်ကိုယ်ကျင့်တရား ခေါင်စဥ်ဖြင့် လည်းကောင်း အသီးသီးပညာပေးဟောပြောခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ကျောင်းသား/ ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေမည့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို ပြသခြင်းနှင့် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနက တိုင်းရင်းဆေးဝါးများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျော်ကျော် (ပြန်/ဆက်)