ငါန်းဇွန်မြို့ အမှတ်(၂)အ.မ.က၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်း အမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ သုတရသ စာအုပ်စာစောင်များ ခင်းကျင်းပြသ

ငါန်းဇွန် ဇွန် ၁၆

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့ အမှတ်(၂)အခြေခံပညာမူတန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ သုတရသစာအုပ်စာစောင်များ ခင်းကျင်းပြခြင်း ဆောင်ရွက်ခဲ့သည်။

ဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက မူးယစ်ဆေးဝါးဆိုတာ အဘယ်နည်း၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးအန္တယ်ရာယ်နှင့်ပတ်သက်၍ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များကို ဆွေးနွေးဟောပြောခဲ့ပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်မို့မို့စံက သက်ရှည်ကျန်းမာဖို့ရာ အတွက် ဘယ်လိုပြုမူနေထိုင်သင့်ကြောင်း၊ နေ့စဉ်အလွယ်တကူ ပြုလုပ်နိုင်သည့် ကိုယ်လက် လှုပ်ရှားမှု နည်းလမ်းများ၊ အားကစားပြုလုပ်ခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများစသည့်တို့ကို ရှင်းလင်းဆွေးနွေးဟောပြောပြီး အားကစားပစ္စည်းများကို လှူဒါန်းပေးအပ်ရာ ကျောင်းအုပ် ဆရာမကြီး ဒေါ်တင်တင်မိုးက လက်ခံရယူခဲ့သည်။ ထို့နောက် ဒေါ်မို့မို့စံက ကျေင်းသားကျောင်းသူများအား ကိုယ်လက်လှုပ်ရှားအားကစားနည်းများကို လက်တွေ့သရုပ်ပြခြင်း ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးဝန်ထမ်းများမှ ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတရသစာအုပ်စာစောင်များ ခင်းကျင်းပြသပေးရာ စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။          

သက်နောင်ဦး(ငါန်းဇွန်)