စစ်တွေ ဇွန် ၁၆
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးမျိုးစေ့ထုတ် တောင်သူများသို့ မျိုးစပါး ချီးမြှင့်ပေးအပ်ခြင်းနှင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမျိုးသန့်ခြံ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တောင်သူများတက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က စပါးသည်နိုင်ငံတော်၏ အဓိကသီးနှံဖြစ်သကဲ့သို့ ရခိုင်ပြည်နယ်အတွက် မိုးစပါးကိုအဓိကထား စိုက်ပျိုးသည့် ပြည်နယ်တစ်ခုဖြစ်ကြောင်း၊ မိုးစပါးသီးနှံ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် ဆောင်ရွက်လျက်ရှိရာတွင် သီးနှံစိုက်ပျိုးဖြစ်ထွန်းရန်နှင့် အထွက်နှုန်းတိုးတက်စေရန်အတွက် မျိုး၊ မြေ၊ ရေ၊ နည်း အချက်များပေါ်မှာ အများကြီးအခြေခံကျကြောင်း၊ အထွက်ကောင်း မျိုးကောင်းမျိုးသန့်များ သုံးစွဲစိုက်ပျိုးရန် လိုအပ်သကဲ့သို့ တောင်သူများကိုယ်တိုင် မျိုးသန့်ထုတ်လုပ်နိုင်ရေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စစ်တွေမျိုးသန့်ခြံမှ ထုတ်လုပ်လိုက်သည့် RS အဆင့် မျိုးစေ့များကို အကျိုးဆောင် တောင်သူများနှင့်ပူးပေါင်းပြီး CS အဆင့် မျိုးစေ့များ ထုတ်လုပ်ရမည်ဖြစ်ကြောင်း၊ ယခုနှစ် စစ်တွေမြို့နယ်တွင် အကျိုးဆောင်တောင်သူနှင့် ပူးပေါင်းပြီး CS အဆင့် စပါးမျိုးစေ့ထုတ်(၇၅)ဧက ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အဆိုပါ စပါးမျိုးစေ့ထုတ်ဆောင်ရွက်မည့် တောင်သူများအတွက် လိုအပ်သည့် RS အဆင့် မျိုးစေ့များကို ယခုအခမ်းအနားတွင် ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ မြေဆီလွှာအဟာရ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအတွက် ဓာတ်မြေဩဇာ တစ်ခုတည်းကို သုံးစွဲခြင်းမပြုဘဲ မိမိတို့ပတ်ဝန်းကျင်းတွင်ရှိသည့် လယ်ယာစွန့် ပစ်အမှိုက်များနှင့် သဘာဝမြေဩဇာများပြုလုပ်၍ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများကို စနစ်တကျ ရောစပ်သုံးစွဲနည်းများ အသုံးပြုတတ်ရန်လိုအပ်ကြောင်း၊ ယခုအခါ သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်းများဖြစ်သည့် သစ်စိမ်းမြေဩဇာ ထည့်သွင်းခြင်း၊ အီးအမ်ဘိုကာရှီ ပြုလုပ်သုံးစွဲခြင်း၊ စူပါဘိုကာရှီပြုလုပ် သုံးစွဲခြင်းနည်းစနစ်များ၊ ငါးအမိုင်နို အက်ဆစ်များ ပြုလုပ်သုံးစွဲခြင်းများကို တောင်သူများသို့ စိုက်ပျိုးရေးဦးစီးဌာနမှ လက်တွေ့သရုပ်ပြ ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် တောင်သူများအနေဖြင့် ဝင်ငွေတိုးတက်ရရှိရေးအတွက် မိုးစပါးတစ်သီးတည်း စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် ကျေနပ်မနေကြဘဲ စိုက်ပျိုးရေရရှိမှုအပေါ်မူတည်ပြီး တစ်သီးမှနှစ်သီး၊ နှစ်သီးမှသုံးသီး တိုးချဲ့မည်စိုက်ပျိုး သည့်အပြင် အိမ်ခြံဝင်း မြေလွတ်နေရာလပ်များတွင် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခြင်းဖြင့် မိမိအကျိုး၊ ဒေသအကျိုး၊ နိုင်ငံ့အကျိုးများရရှိမည့် ဖြစ်သည့်အတွက် မိမိတို့စိုက်ပျိုးသီးနှံများ အထွက်တိုးပြီး ဝင်ငွေတိုးတက်ရရှိလာမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက မိုးစပါးမျိုးစေ့ထုတ် စိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့များချီးမြှင့်ပေးအပ်ကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက်ရောက်လာကြသည့် တောင်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာခန်းမအတွင်း ပြသထားသည့် သစ်စိမ်းမြေဩဇာထည့်သွင်းခြင်း၊ အီးအမ်ဘိုကာရှီပြုလုပ်သုံးစွဲခြင်း၊ စူပါဘိုကာရှီပြုလုပ် သုံးစွဲခြင်းနည်းစနစ်များနှင့် ငါးအမိုင်နိုအက်ဆစ်များ ပြုလုပ်သုံးစွဲခြင်းတို့ကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမျိုးသန့်ခြံ၌ မိုးရာသီတွင် ဒေသတွင်းစားသုံး ရန်လိုအပ်သည့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးမည့် Green House အဆောက်အဦ ဆောက်လုပ်နေမှု အားလည်းကောင်း၊ အိမ်နောက်ဖေးဈေးဆိုင်တည် သရုပ်ပြစိုက်ခင်းအားလည်းကောင်း၊ နို့စားနွားမွေးမြူမည့်နေရာတို့အား လည်းကောင်း သွားရောက်ကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသ ကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမျိုးသန့်ခြံအတွင်း စက်မှုလယ်ယာ စနစ်ကျလယ်မြေ ဧက (၄၀) တွင် ပိုက်ဆံလျှော် ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲအား လှည့်လည်ကြည့်ရှု အားပေးကြရာ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက သစ်စိမ်းမြေဩဇာပိုက်ဆံ လျှော် ထည့်သွင်းခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြသပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့်အတူ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်ဧည့်ခန်းမ၌ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC)မှ ရခိုင်ပြည်နယ်ဆိုင်ရာ (ICRC) ကိုယ်စားလှယ်ရုံးခွဲအကြီးအကဲ Mr. Rochus PEYER နှင့်အဖွဲ့အား လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအထောက်အပံ့များပေးနေမှု၊ လိုအပ်မှုရှိသော ပြည်သူများထံသို့ ရောက်ရှိအောင်ကူညီပေးရေးကိစ္စများကို ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် ပူးပေါင်းပြီး ကူညီထောက်ပံ့ပေးနေမှု၊ ကျန်းမာရေးကဏ္ဍတွင် ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ ယာယီနေရပ်စွန့်ခွာ စခန်းများတွင်နေထိုင်ကြသူများနှင့်IDP စခန်းများ တွင် နေထိုင်ကြသူများ အေးချမ်းစွာ နေထိုင်နိုင်ရန် လူနေဆောင်များ၊ မိလ္လာများ ဆောက်လုပ်ပေးနေမှု၊ ဆိုလာစနစ်ဖြင့် မီး၊ ရေရရှိရေးအတွက် ဆောင်ရွက်ပေးနေမှုနှင့် ယာယီနေရပ်စွန့်ခွာစခန်းများတွင် နေထိုင်သူများနှင့်IDP စခန်းများတွင် နေထိုင်ကြသူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးအတွက် ဆောင်ရွက်ပေးမည့်အစီအမံများနှင့် ပတ်သက်၍ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)