ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) အဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံတို့ အကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုဆိုင်ရာ အခွင့်အလမ်းများ နှီးနှောဖလှယ်ပွဲကျင်းပ

လမ်းမတော် ဇန်နဝါရီ ၂၁

ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership - RCEP) အဖွဲ့ဝင်နိုင်ငံ များနှင့် တရုတ်နိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုအား မြှင့်တင်ရန်နှင့် စီးပွားရေး အခွင့် အလမ်များ ဆွေးနွေးရန် ရည်ရွယ်ချက်များဖြင့် China-ASEAN Business Council နှင့် Guizhou Provincial People’s Government တို့ ပူးပေါင်း၍ “RCEP Seminar on Business Opportunities Brought to Guiyang” အား ယမန်နေ့၊ နံနက်ပိုင်းက ကျင်းပခဲ့သည်။

RCEP အဖွဲ့ဝင်နိုင်ငံများတွင် မြန်မာနိုင်ငံလည်း ပါဝင်နေပြီး ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းမှ တက်ရောက် အမှာစကား ပြောကြားခဲ့ရာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း တစ်လျှောက်တွင် နှစ်နိုင်ငံဘက်မှ များပြားလှသော ရင်းနှီးမြှုပ်နှံမှု များကို လိုအပ်ပါကြောင်း၊ အဆိုပါ စီးပွားရေး စင်္ကြံလမ်းသည် ဒေသတွင်းဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) အတွက် ကုန်သွယ်မှု လွယ်ကူမည့် အခြေခံအဆောက်အအုံနှင့် အစီအမံများဖြစ်လာမည်ဖြစ်ကြောင်း၊ Guizhou ပြည်နယ်မှ စီးပွားရေး လုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံရန် စိတ်ပါဝင်စားသည့် စွန့်ဦးတီထွင် လုပ်ငန်းရှင်များအား မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ် ရန်အတွက် ဖိတ်ခေါ်ပါကြောင်း ပြောကြားခဲ့သည်။

အဆိုပါနှီးနှောဖလှယ်ပွဲသည် တရုတ်နိုင်ငံအနောက်ပိုင်းဒေသရှိ Guizhou ပြည်နယ်နှင့် မြန်မာနိုင်ငံတို့အကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအား မြှင့်တင်ရန်လည်း ရည် ရွယ်ကြောင်းသိရသည်။ မြန်မာနိုင်ငံသည် RCEP အဖွဲ့ဝင် နိုင်ငံများထဲတွင် ပါဝင်နေပြီး တရုတ်နိုင်ငံမှ အကောင်အထည်ဖော်ဆောင်ရွက်မည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ လမ်း တွင် စီးပွားရေးအရ အချက် အခြာကျသည့် နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည်။ အဆိုပါ စီးပွားရေးစင်္ကြံလမ်းသည် မန္တလေး၊ ရန်ကုန်နှင့် ကျောက်ဖြူမြို့တို့ကို ချိတ်ဆက်ဖြတ်သန်းသွားမည်ဖြစ်သည်။

Seminar သို့ CPC Guizhou Manicipal Committee မှ တာဝန်ရှိသူများ, H.E. Ambassador Djauhari Oratmangun (Embassy of the Republic of Indonesia in China), Mr. Lv Kejian (Former Director General, Asia Division of MOFCOM), RCEP ဆွေနွေးဖက်နိုင်ငံများဖြစ်သည့် သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယားနှင့် နယူးဇီလန်နိုင်ငံများမှ စီးပွားရေး သံမှူးများ၊ စီးပွားရေး ကောင်စီများနှင့် ကုန်သည် စက်မှုအသင်းများမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

ကျော်ဆန်းမြင့်  (လမ်းမတော် ပြန်/ဆက်)