ပျဉ်းမနား ဇွန် ၁၆
ကျောင်းသား၊ကျောင်းသူလူငယ်များ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများကို သိရှိရှောင်ရှားနိုင်စေရေးအတွက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့၊ အမှတ် (၂)၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ဟောပြောပွဲတွင် ပြည်ထောင်စုနယ်မြေစာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမောင်မောင်တာက အဖွင့်အမှာစကားပြောကြားပြီး မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်း (မြန်မာ)၊ နေပြည်တော်အသင်းခွဲဥက္ကဋ္ဌ ဦးဇော်အောင်က အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ပြပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် အမှတ် ၁၀၁ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲအုပ်အောင်သူက မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများနှင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ဥပဒေများကို ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် စာရေးဆရာမ မေချို(ပျဉ်းမနား)နှင့် မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)၊ နေပြည်တော်အသင်းခွဲ အတွင်းရေးမှူး ဦးစံဝင်းတို့က ကျောင်းသား၊ ကျောင်းသူ လူငယ်များ မူးယစ်ဆေးဝါးကို ရှောင်ရှားနိုင်စေရေးအတွက် မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးဟောပြောကြသည်။
ထို့နောက် ပျဉ်းမနားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များကို ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)