88 th ASEAN-BAC အစည်းအဝေးကျင်းပ

လမ်းမတော် ဇန်နဝါရီ ၂၁

(၈၈)ကြိမ်မြောက် အာဆီယံစီးပွားရေး အကြံပေးကောင်စီ ASEAN-BAC အစည်းအဝေးကို ယမန်နေ့  မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ် အချိန်တွင် ကျင်းပခဲ့ရာ ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ ဒုတိယဥက္ကဋ္ဌ ဦးသောင်းတင်၊ ဗဟိုအလုပ်အမှုဆောင် ဦးမိုးကျော်တို့ ပါဝင်တက်ရောက်ဆွေးနွေးခဲ့သည်။ 

ASEAN-BAC, Brunei ဥက္ကဋ္ဌသစ် Mr. YB Siti Rozaimeriyanty Abd Rahman အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အစည်းအဝေး တွင် (၈၇)ကြိမ်မြောက်  ASEAN-BAC အစည်းအဝေးကို ပြန်လည်သုံးသပ်ခြင်း၊ ဒီဂျစ်တယ်ကုန်သွယ်မှု၊ Regional Comprehensive RecoveryFramework နှင့် အကောင်အထည် ဖော်မှုအစီအစဉ်များ၊ အာဆီယံအကောက်ခွန်စနစ်၊ အမွေအနှစ်ဆိုင်ရာ စီမံကိန်းများ၊ အာဆီယံဈေးကွက် ၊ASEAN Business Awards 2021 ၊  ဒေသတွင်း ဘက်စုံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု သဘောတူညီမှု စာချုပ် (RCEP)၊ စီးပွားရေးဆက်လက်ရှင်သန်ရေး၊ ဒီဂျစ်တယ်အသွင် ကူးပြောင်းမှုနှင့် လူသားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်မှု၊ MSMEs လုပ်ငန်း များအတွက် မဟာဗျူဟာမြောက် လက်တွေ့ကျမှု အစီအစဉ် များကို တက်ရောက်လာသော အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် ဆွေးနွေးခဲ့ကြသည်။

အာဆီယံ အတွင်းရေးမှူးအဖွဲ့မှ ဒီဂျစ်တယ် ကုန်သွယ်မှုပလက်ဖောင်းစီမံကိန်းများ၊ အာဆီယံနိုင်ငံတိုင်း တွင် ဒီဂျစ်တယ်ကုန်သွယ်မှု ပလက် ဖောင်းကို စတင်မိတ်ဆက်ရန် လမ်းစဉ်များနှင့် နားလည်စေရန် လမ်းစဉ်များ၊ ကုန်သွယ်မှု အထောက်အကူပြုလမ်းစဉ်များ၊ အကောက်ခွန်လုပ်ငန်းစဉ်နှင့် ကုန်သွယ်မှု  Test Kit များအပြင် ကျန်းမာရေးစနစ် တိုးမြှင့်ရေးနှင့် လူသားများ လုံခြုံမှုအား ကောင်းလာစေရေးတို့ ကိုလည်း ဆွေးနွေးခဲ့ကြသည်။

နံနက်ပိုင်းတွင် ASEAN-BAC ဗီယက်နမ်ဥက္ကဋ္ဌ Dr.Doan Duy Khuong မှ ASEAN-BAC Chairmanship ကို ဘရူးနိုင်းနိုင်ငံအား တရားဝင်လွှဲပြောင်းခြင်း အခမ်းအနား ကျင်းပခဲ့ရာ ဥက္ကဋ္ဌသစ် Mr. YB Siti Rozaimeriyanty Abd Rahman မှ လက်ခံရယူခဲ့သည်။

ကျော်ဆန်းမြင့်  လမ်းမတော် (ပြန်/ဆက်)