ခိုလမ်မြို့ အမှတ် (၄) ရပ်ကွက်တွင် ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များ ပြန်လည်ရွေးချယ်ဆောင်ရွက်ရန်အတွက် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်

ခိုလမ် ဇွန် ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့ အမှတ် (၄) ရပ်ကွက်တွင် ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အုပ်ချုပ်ရေးဆိုင်ရာဥပဒေ၊ နည်းဥပဒေနှင့်အညီ ပြန်လည်ရွေးချယ်ဆောင်ရွက်ရန်အတွက် ကြီးကြပ်ရေးအဖွဲ့ (၅) ဦးရွေးချယ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ခဲ့ရာ ရပ်ကွက်နေပြည်သူ (၁၅၀) ဦးခန့် တက်ရောက်ခဲ့သည်။

ဦးစွာ မြို့နယ်အဆင့်ဌာနဆိုင်ရာအကူအညီပေးရေးအဖွဲ့ဝင် မြို့နယ်(ခွဲ)စည်ပင်သာယာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်လင်းခိုင်က ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရွေးချယ်ခြင်းဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ ပြင်ဆင်ချက်များနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးရွေးချယ်ပုံအဆင့်ဆင့်ကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကူအညီပေးရေးအဖွဲ့မှ တာဝန်ရှိသူများက ကြီးကြပ်ရေးရွေးချယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ တက်ရောက်လာသော အမှတ် (၄) ရပ်ကွက်အတွင်းရှိ ပြည်သူများ၏ အဆိုပြုရွေးချယ်မှုအရ ကြီးကြပ်ရေးအဖွဲ့ (၅) ဦးကို စနစ်တကျ ရွေးချယ်ခဲ့ကြောင်း သိရသည်။

ခိုလမ်(ပြန်/ဆက်)