မြစ်ကြီးနား ဇွန် ၁၆
တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့ကို ဇွန် ၁၅ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းအေး နှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံက ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့ အစီ အစဉ်များကို ကြေညာပြီး အစည်းအဝေးမတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူကာ အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်း ကြေညာသည်။
ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များက လူမှုရေးရာဝန်ကြီးဌာနဆိုင်ရာ မေးခွန်း(၂)ခု၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနဆိုင်ရာ မေးခွန်း (၃)ခုနှင့် စည်ပင်သာယာရေး ဝန်ကြီးဌာနဆိုင်ရာ မေးခွန်း (၂)ခု ကို မေးမြန်းကြရာ သက်ဆိုင်ရာပြည်နယ်အဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြပြီး အစည်းအဝေး ဒုတိယနေ့တွင် မိုးကောင်းမြို့နယ်မဲဆန္ဒနယ်၊ ကိုယ်စား လှယ်အမှတ် (၁) ဦးနေလင်းစိုး တင်သွင်းခဲ့သော တစ်နိုင်ငံလုံးတွင် ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခများ ရပ်စဲစေလိုခြင်းနှင့် ကချင်ပြည်နယ်တွင်လည်း အပစ်အခတ်ရပ်စဲပြီး ထာဝရငြိမ်းချမ်းရေး ဆောင်ရွက်နိုင်ရေး ကချင်ပြည်နယ်အစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း အဆို နှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ် ၅ ဦးတို့က ထောက်ခံဆွေးနွေးခဲ့ကြပြီး ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ထောက်ခံကြောင်း ပြန်လည်ရှင်းလင်းဖြေကြားရာ လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ လွှတ်တော်က ယင်းအဆိုအား အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြည်နယ်လွှတ်တော်အုပ်ချုပ်ရေး၊ လုံခြုံရေး၊ လူဝင်မှု ကြီးကြပ်ရေးနှင့် နယ်စပ်ရေးရာကော်မတီ ဖွဲ့စည်းရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌက အဆိုပါ ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားကာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကော်မတီတွင် ပါဝင်သင့်သည့် အဖွဲ့ဝင်ဦးရေ ၇ ဦးတို့၏ အမည်စာရင်းနှင့် ကော်မတီဥက္ကဋ္ဌအဖြစ် မိုးကောင်းမြို့နယ်မဲဆန္ဒနယ်၊ ကိုယ်စားလှယ်အမှတ် (၁) ဦးနေလင်းစိုးနှင့် ကော်မတီအတွင်းရေးမှူးအဖြစ် နောင်မွန်မြို့နယ်မဲဆန္ဒနယ်၊ ကိုယ်စားအလှယ်အမှတ် (၂) ဦးဆမ်ဘုံဆင်တို့ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်မည်ဖြစ်ကြောင်း လွှတ်တော်သို့ တင်ပြပြီး အကြံပြု ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာကာ အစည်းအဝေး တတိယနေ့ကို ရပ်နားလိုက်သည်။
ပြည်နယ်ပြန်/ဆက်