မြစ်ကြီးနား ဇွန် ၁၆
ကချင်ပြည်နယ်၏ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု ပိုမိုတိုးတက်ကောင်းမွန်စေရေးနှင့် ဝန်ဆောင်မှု အရည်အသွေးမြှင့် တင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်သည် ယနေ့ မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ရှိ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်/ခရိုင်/မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးက ပြည်သူလူထု၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်နှင့် စွမ်းအင်သည် နေ့စဉ်မရှိမဖြစ် လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို စေတနာအရင်းခံ၍ ပြီးမြောက်အောင်မြင်အောင် ကြိုးစားဆောင်ရွက် ကြရန် လိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးခန့်ထက်နှင့် ခရိုင်/မြို့နယ် အင်ဂျင်နီယာများနှင့် တာဝန်ရှိသူ များက ၂၀၂၆ -၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်လျက်ရှိသည့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှု ပိုမိုတိုးတက်ကောင်းမွန်လာစေရေးလုပ်ငန်း အစီအမံများ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုပိုမို တည်ငြိမ်ကောင်းမွန်လာစေရေး၊ အများပြည်သူအဆင်ပြေချောမွေ့သည့် လျှပ်စစ်ဝန်ဆောင်မှုများ ပေးနိုင် ရေးနှင့် ဒေသအလိုက်လိုအပ်ချက်များကို ရှင်းလင်းတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)