မူဆယ်မြို့ မူလွန်(စွမ်စော်)ကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်

မူဆယ် ဇွန် ၁၆

ရှမ်းပြည်နယ်(‌မြောက်ပိုင်း)၊ မူဆယ်မြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မူလွန်(စွမ်စော်)ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီး ဦးအောင်စိုးက အမှာစကားပြောကြားခဲ့ပြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြင့်ထွေးက လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် ဟောပြောပေးခဲ့ကာ၊ကျောင်းအတွက် ဘောလုံးများပေးအပ်ခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းဇော်ဦးက လူငယ်နှင့်စာပေ၊ ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်းက လူငယ်နှင့်မူးယစ်ဆေး၊ ဒုတိယဦးစီးမှူး ဒေါ်ဇာဖြိုးလွင်က စာဖတ်ခြင်း၏ အကျိုးကျေးဇူးနှင့် ဒုတိယဦးစီးမှူး ဒေါ်ဆိုင်းမိုင်က ကလေးအလုပ်သမား ပပျောက်ရေး ခေါင်းစဉ်များဖြင့် အသီးသီးဟောပြော ဆွေးနွေးခဲ့ကြသည်။

ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လူငယ်ရေးရာအသိပညာပေး နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်း၊ ကလေးငယ်များရေးဆွဲထားသည့် ဆုရပန်းချီကားများနှင့် သုတ/ရသစာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာကြည့်ရှု မှတ်သားကြကြောင်း သိရှိရပါသည်။

ခရိုင်ပြန်/ဆက်