လင်းခေး ဇွန် ၁၆
၂၀၂၆ခုနှစ်၊ ဇွန်လ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူတို့သည် ယနေ့နံနက်ပိုင်းက မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို လင်းခေးမြို့၊ ပန်ဝေါင်အခြေခံပညာအလယ်တန်းကျောင်းဝင်းအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စုမြတ်လင်းက မူးယစ်ဆေးဝါးစတင်သုံးစွဲရခြင်း၏အကြောင်းအရင်းများ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ စာရိတ္တပိုင်းဆိုင်ရာ ထိခိုက်မှုများ၊ မူးယစ်ဆေးဝါး၏ ကျေးကျွန်မဖြစ်စေ ရေး သတိပြုရှောင်ကြဉ်ရန်အချက်များနှင့် မူးယစ်နွံတွင် မနစ်စေရန်အတွက် တွေးတောဆင်ခြင်သုံးသပ်နိုင်ပြီး ဗဟုသုတရကြွယ်ဝစေမည့် စာပေများလေ့လာရန် လိုအပ်ကြောင်း အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲအား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
စိုင်းဇော်လတ်(လင်းခေး)