ပျော်ဘွယ် ဇွန် ၁၆
ပျော်ဘွယ်မြို့နယ်၌ လူကြီးလူငယ်မရွေး စာပေဖတ်ရှုတတ်သည့် အလေ့အကျင့်များရရှိစေရေနှင့် ဖတ်ရှုပြီးသော အကြောင်းအရာများကို ပြန်လည်မျှဝေတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်းဝင်များ၊ စာပေဝါသနာရှင်များစုပေါင်း၍ စာဖတ်ဝိုင်းကျင်းပခြင်းကို ဇွန်လ ၁၆ ရက်၊ နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး စာပေဝါသနာရှင်များက စာရေးဆရာအောင်သင်း ရေးသားသည့် လူငယ်နှင့်ဘဝတန်ဖိုး စာအုပ်ကိုဖတ်ရှုပြီးနောက် မိမိတို့၏အတွေးအမြင်များကို အပြန်အလှန် ဆွေးနွေးကြသည်။
စာပေဝါသနာရှင်များက ဘဝတန်ဖိုးသည် မိမိကြိုးစားအားထုတ်မှု၊ ကိုယ်ကျင့်တရားနှင့် အများအကျိုးကို မည်မျှသယ်ပိုးနိုင်သည်ဆိုသည့် အချက်များအပေါ်၌သာ တည်မီကြောင်း၊ ပညာတတ်သည်နှင့် မပြည့်စုံသေးဘဲ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ်ရှိမှသာ ဘဝကိုအောင်မြင်စွာ လျှောက်လှမ်းနိုင်မည်ဖြစ်ကြောင်း၊ လူငယ်ဘဝတွင် ကြုံတွေ့ရမည့် စိန်ခေါ်မှုများ အခက်အခဲများနှင့် ကျရှုံးမှုများကို စိတ်ဓာတ်မကျဘဲ ဘဝ၏သင်ခန်းစာကောင်းများ အဖြစ် ပြောင်းလဲရှုမြင်တတ်ရန် လိုအပ်ကြောင်းတို့ကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
မင်းမင်းထွေး(ပျော်ဘွယ်)