တံတားမြို့ လူထုအခြေပြုဗဟိုဌာ၌ ရာသီတုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

တံတား ဇွန် ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ရာသီတုပ်ကွေးရောဂါကာကွယ်‌ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်မိုးဖြူလွင်က ကျောင်းသား၊ ကျောင်းသူများအား ရာသီဥတုအကူးအပြောင်းကာလများတွင် ဖြစ်ပွားတက်သော ရာသီတုပ်ကွေးဗိုင်းရပ်စ်ပိုးများ ပိုမိုပျံ့နှံ့လွယ်သဖြင့် ပြည်သူများအနေဖြင့် ကျန်းမာရေးသတိ၊ ကျန်းမာရေးအသိဖြင့် နေထိုင်ရန်လိုအပ်ကြောင်း၊ ရောဂါလက္ခဏာများဖြစ်သည့် ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ နှာစေးခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းနှင့် မောပန်းနွမ်းနယ်ခြင်း စသည့် လက္ခဏာများကို သတိပြုရန်၊ ရာသီတုပ်‌ကွေးရောဂါကူးစက်နိုင်သည့် လမ်းကြောင်းများဖြစ်သည့် လူစုလူဝေးအတွင်း နှာချေ၊ ချောင်းဆိုးရာမှတစ်ဆင့် လေထဲမှလည်းကောင်း၊ ရောဂါပိုးရှိသူ အသုံးအဆောင်များကို ကိုင်တွယ်မိရာမှ လည်းကောင်း ကူးစက်နိုင်ပုံများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ အထူးသတိပေးချက်ဖြစ်သည့် အသက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နာတာရှည်ရောဂါအခံရှိသူများတွင် တုပ်ကွေးရောဂါ ပြင်းထန်စွာခံစားရနိုင်သဖြင့် ပိုမိုဂရုစိုက်ရန်လိုအပ်ကြောင်းနှင့် ရောဂါလက္ခဏာများ ပြင်းထန်လာပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းများသို့ အမြန်ဆုံးသွားရောက် ပြသကုသမှုခံယူရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် ဟောပြောပွဲအပြီးတွင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသ စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များကို တက်ရောက်လာ‌သော ကျောင်းသား၊‌ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုငှားရမ်းခဲ့ကြောင်း သိရသည်။

လှိုင်သူဇာ (ပြန်/ဆက်)