သံဖြူဇရပ် ဇွန် ၁၆
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များကို သိရှိနားလည်ပြီး ရှောင်ကြဉ်နိုင်စေရန်နှင့် ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ပြသခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက အ.လ.က (ခွဲ) အောင်ဇေယျကျောင်း၌ ပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးသီက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အနာဂတ်တွင် တိုင်းပြည်က အားထားရမည့် သားကောင်းရတနာ သမီးကောင်းရတနာများ ဖြစ်လာစေရန် မူးယစ်ဆေးဝါး၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးဝါးကြောင့် လူငယ်များ၏ အနာဂတ်လမ်း ပျောက်ကွယ်သွားနိုင်သည့်အခြေအနေများကို အကျယ်တဝင့် အသိပညာပေးဟောပြောခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)