ညောင်ဦးမြို့ မဏိစည်သူဈေး၌ ပြည်သူများ ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ရေး Mask Campaign ပြုလုပ်ဆောင်ရွက်

ညောင်ဦး ဇန်နဝါရီ ၂၁

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ မဏိစည်သူဈေးတွင် ပြည်သူများ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန်နှင့် ထိရောက်စွာ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ရည်ရွယ်ကာ ယနေ့ နံနက် ၈ နာရီက ဌာနပေါင်းစုံပါဝင်သည့် ပူးပေါင်းအဖွဲ့က နှာခေါင်းစီးမဖြစ်မနေတပ်ဆင်ရေး Mask Campaign အသိပညာပေးလုပ်ငန်းပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါပူးပေါင်းအဖွဲ့သည် မဏိစည်သူဈေးအတွင်းအပြင်ရှိ ဈေးရောင်းဈေးဝယ်များနှင့် လမ်းသွားလမ်းလာ ပြည်သူများအား ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်း Mask  စနစ်တကျတပ်ဆင် သွားလာလှုပ်ရှားစေရေး Mask  Campaign လှုပ်ရှားမှုပြုလုပ်ခဲ့ပြီး Mask  ၂၀၀၀ ခုနှင့် Face shield ၁၀၀ အား ပေးဝေကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ ထုတ်ပြန် ချက်များကို လိုက်လံဆော်ဩပညာပေးခဲ့သည်။

Mask Campaign ဆောင်ရွက်ရာသို့ ညောင်ဦးခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ဒုတိယခရိုင်မှူး ဒေါက်တာခင်ငြိမ်းချမ်းအေး ဦးဆောင်သည့်အသင်းဝင်များ၊ ညောင်ဦးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးလွင် ဦးဆောင်သည့် ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညောင်ဦးမြို့ အမှတ်(၉၃) ယာဉ်ထိန်းရဲတပ်ဖွဲ့၊ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့၊ ညောင်ဦးမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့ မှတာဝန်ရှိသူများ ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရသည်။

ဖေလိန်း(ပုဂံ)