ကျောက်ပန်းတောင်း ဇွန် ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်တောင်းမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှ စတင်၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသော အခြေခံပညာ မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများအား ပညာသင်ကြားခွင့် ပြန်လည်ရရှိစေရန် Placement Test (အထူးအစီအစဉ်) စာမေးပွဲ ဖြေဆိုခြင်းကို၊ ဇွန်လ ၁၅ ရက်နေ့ နံနက် ၉ နာရီမှ စတင်၍ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ဖြေဆိုလျက်ရှိကြရာ ယနေ့တွင် Grade-1၊ 2၊ 3 ကျောင်းသား/ကျောင်းသူများက နှုတ်မေးခွန်းများ ဖြေဆိုခြင်းနှင့် အခြားအတန်းများက အင်္ဂလိပ်စာ ဘာသာရပ်ကို ဖြေဆိုလျက်ရှိကြသည်။
အဆိုပါ Placement Test ဖြေဆိုရာတွင် Grade-1 မှ Grade-8 အထိ ဖြေဆိုခြင်း ဖြစ်ပြီး၊ Grade-1 ၊ Grade-2 ၊ Grade-3 ကျောင်းသား ကျောင်းသူများမှာ ယမန်နေ့က ရေးဖြေစာမေးပွဲ ဖြေဆိုခဲ့ကြပြီး၊ ယနေ့တွင် နှုတ်ဖြေ ဖြေဆို၍ စာမေးပွဲ ဖြေဆိုခြင်း ပြီးဆုံးကြမည်ဖြစ်သည်၊၊ Grade-4 နှင့် Grade-5 ကျောင်းသား/ကျောင်းသူများမှာ ၅ ဘာသာဖြေဆို ရမည်ဖြစ်၍ Grade-6 မှ Grade-8 အထိ ကျောင်းသား ကျောင်းသူများမှာ ၆ ဘာသာဖြေဆိုရမည်ဖြစ်ရာ စာမေးပွဲရက်မှာ (၁၅-၆-၂၀၂၆)ရက်နေ့မှ (၂၁-၆-၂၀၂၆)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။ ကျောက်ပန်းတောင်းမြို့နယ်၌ အဆိုပါ Placement Test ဖြေဆိုခြင်းကို Grade-1 တွင် ၂၁ ဦး၊ Grade-2 တွင် ၃၅ ဦး၊ Grade-3 တွင် ၄၉ ဦး၊ Grade-4 တွင် ၂၆ ဦး၊ Grade-5 တွင် ၅၇ ဦး၊ Grade-6 တွင် ၃၆ ဦး၊ Grade-7 တွင် ၄၇ ဦးနှင့် Grade-8 တွင် ၁၀ ဦး စုစုပေါင်း ကျောင်းသား/ကျောင်းသူ ၂၈၁ ဦး ဝင်ရောက် ဖြေဆိုလျက်ရှိကြောင်း သိရပြီး၊ ညောင်ဦးခရိုင် ပညာရေးမှူးရုံးမှ တာဝန်ရှိသူများနှင့် မြို့နယ်ပညာရေးမှူး ဒေါ်ခင်ခင်နွယ်၊ ဒုတိယမြို့နယ် ပညာရေးမှူး ဦးသန်းထွန်းအောင်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးတင်မောင်ဝင်းနှင့် ဆရာ/ဆရာမများက လိုအပ်သည်များ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)