တာမွေမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

တာမွေ ဇွန် ၁၆

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုနှင့် အမှတ် (၂၅) ယာဥ်ထိန်းရဲတပ်ဖွဲ့စုတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းအချိန်က အဆိုပါမူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုရုံး မေတ္တာစံအိမ်ခန်းမ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုမှ ဥက္ကဋ္ဌ ဦးစံရှိန်က ပွဲကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး အမှတ် (၂၅) ယာဥ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူး အေးသန်းက ယာဉ်တိုက်မှုဖြစ်စဉ် ဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ ယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ်သက်ဆက်နွယ်ပြီး အရေးယူနိုင်သည့် ရာဇသတ်ကြီးပုဒ်မများ၊ ယာဉ်မောင်းများ အများဆုံး စည်းကမ်းဖောက်ဖျက်လေ့ရှိသည့် ပြစ်မှုများအပေါ် သုံးသပ်ပြီး လိုက်နာသင့်သည့်အချက်များ၊ ယာဉ်မတော်တဆမှုဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ ယာဉ်စည်းကမ်းဆိုင်ရာ မဖြစ်မနေလိုက်နာရမည့်အချက်များ၊ မော်တော်ယာဉ်မောင်းနှင်သူများအနေဖြင့် ယာဥ်အန္တရာယ်ကင်းရှင်းရေးနှင့် စီမံခန့်ခွဲမှုဥပဒေ၊ နည်းဥပဒေများကို သိရှိနားလည်ပြီး အဆိုပါဥပဒေ၊ နည်းဥပဒေများကို လေးစားလိုက်နာသည့် ယာဉ်မောင်းကောင်းတစ်ဦးဖြစ်ရန် သိရှိလိုက်နာသင့်သည့်အချက်များ၊ ခြေလျင်လျှောက်သူများ လိုက်နာရမည့် လမ်းစည်းကမ်းဆိုင်ရာများနှင့် အဆိုပါယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအား ဖောက်ဖျက်ကျူးလွန်ပါက အရေးယူခံရနိုင်သည့် ပုဒ်မများ၊ ပြစ်မှု/ ပြစ်ဒဏ်များနှင့် ပတ်သက်၍ အသေးစိတ် အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေမြန်းခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီး မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုမှ ဥက္ကဋ္ဌ ဦးစံရှိန်က အသိပညာပေးဟောပြောဆွေးနွေးပေးခဲ့သည့် သက်ဆိုင်ရာတာဝန်ရှိသူအား ဂါရဝပြုလက်ဆောင်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

အခမ်းအနားသို့ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုမှ တာဝန်ရှိသူများနှင့် မူးယစ်ဆေးဖြတ်သင်တန်းသားများ၊ အမှတ်(၂၅) ယာဥ်ထိန်းရဲတပ်ဖွဲ့စုမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်းနှင့် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုအနေဖြင့် နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လုပ်ငန်းစီမံချက်များနှင့်အညီ ရပ်ရွာအခြေပြုသင်တန်း တက်ရောက်နေသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ မူးယစ်ဆေးဖြတ်သင်တန်းသားများအား စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန်နှင့် အသိဉာဏ်ပညာ ဗဟုသုတများ တိုးပွားစေရန်တို့အတွက် ရည်ရွယ်၍ အသိပညာရှင်များ၊ အတတ်ပညာရှင်များ၊ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အသိပညာပေး ဆွေးနွေးဟောပြောပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နိုင်လင်းအောင် (တာမွေ)