မိုးနဲမြို့နယ် နမ့်မော်ဆွမ့်အခြေခံပညာအလယ်တန်းကျောင်း၌ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကွင်းဆင်းဆောင်ရွက်

မိုးနဲ ဇွန် ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ယနေ့နံနက် ၉ နာရီ အချိန်က နမ့်မော်ဆွမ့်အ‌‌ခြေခံပညာအလယ်တန်း‌ကျောင်းတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှု နှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းစိုးက မူးယစ်ဆေးဝါးအမျိုးအစားများနှင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ရှောင်ရှားရမည့်အချက်များကိုပြောကြားပေးခြင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်နီလာက မူးယစ်ဆေးဝါးအန္တရာယ်များကိုပြောကြားပေးခြင်းတို့အပြင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေက ဟောပြောပွဲကွင်းဆင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို အသီးသီးရှင်းလင်း‌‌ ပြောကြားပေးခဲ့ကြသည်။ ထို့နောက် ဒုတိယရဲမှူး ရန်နိုင်ဆွေက မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ရောင်းဝယ်ဖောက်ကားခြင်း၊ လက်ဝယ်တွေ့ရှိခြင်းနှင့် သုံးစွဲသူများကျခံရမည့် ပြစ်မှုပြစ်ဒဏ်များအား အကျယ်တဝင့် ရှင်းပြခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ကျောင်းသား/သူလေးများအား မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် ဗဟုသုတရဖွယ်စာအုပ်စာစောင်များအားပြသခဲ့ရာ စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာမှတ်သားခဲ့ကြပြီး ထိုသို့ကွင်းဆင်းဆောင်ရွက်လိုက်ခြင်းကြောင့် ကျောင်းသား/ကျောင်းသူများ ပြင်ပဗဟုသုတများရရှိခြင်း၊ အသိပညာများကိုပြန်လည်ဖလှယ်နိုင်ခြင်း၊ အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်လာခြင်းတို့အပြင် ဗလငါးတန်နှင့်ပါပြည့်စုံစေမည့်အကျိုးကျေးဇူးများရရှိမည်ဖြစ်ကြောင်း သိရသည်။

ဇင်ကိုကို