ကျောက်မဲ ဇွန် ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၌ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသည့် ကလေးငယ်များ(မူလတန်းဆင့်နှင့် အလယ်တန်းဆင့်) ကျောင်းပြန်လည်တက်ရောက်နိုင်ရေးအတွက် ဖွင့်လှစ်ပေးသည့် အရည်အချင်းစစ်ဆေးခြင်းလုပ်ငန်း Placement Test(အထူးအစီအစဉ်) စာမေးပွဲကို ယမန်နေ့တွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ကျင်းပသည်။
အဆိုပါ စာမေးပွဲဖြေဆိုမှုကို ကျောက်မဲခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးညွှန့်ရွှေနှင့်တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးပြီး ကလေးငယ်များ ပညာသင်ယူခွင့်အခွင့်အလမ်းများရရှိစေရေး၊ မိမိတို့နှင့်ကိုက်ညီသည့် အတန်းပညာရပ်များ ပြန်လည်သင်ယူနိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်စွက်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။ ကျောက်မဲမြို့နယ်အတွင်းရှိ ကျောင်းပြင်ပရောက် ကလေးငယ် Grade-1မှ Grade-8အထိ ကျောင်းပြန်လည်ဝင်ရောက်ရေး အဆိုပါ အထူးအစီအစဉ် စာမေးပွဲတွင် စာရင်းရှိ စုစုပေါင်း ၆၀၇ ဦး အနက် ကျောင်းသား ၂၄၅ ဦး၊ ကျောင်းသူ ၃၃၃ ဦး၊ စုစုပေါင်း ၅၇၈ ဦး လာရောက်ဖြေဆိုခဲ့ကြသဖြင့် ၉၅ ရာခိုင်နှုန်း ဖြေဆိုခဲ့ကြကြောင်းနှင့် အဆိုပါ ကလေးငယ်များသည် စာမေးပွဲများကို ဖြေဆိုအောင်မြင်ပြီးပါက မိမိတို့နှင့်ကိုက်ညီသည့် အခြေခံပညာအတန်းအသီးသီးတွင် ပြန်လည်အပ်နှံကာ ပညာသင်ကြားခွင့် ရရှိစေတော့မည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်