ကျောက်မဲ ဇွန် ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးဉာဏ်မြင့်ထွန်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၁၀ နာရီက ကျောက်မဲမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြိမ်းသတ်နည်းလက်တွေ့သရုပ်ပြသခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးဉာဏ်မြင့်ထွန်းက ကျောင်းသား/ကျောင်းသူများနှင့် ဆရာ၊ဆရာမများအား မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရန်/ရှောင်ရန်များ၊ မီးလောင်မှုစတင်ဖြစ်ပွားပါက စိတ်တည်ငြိမ်စွာဖြင့် တုံ့ပြန်ငြိမ်းသတ်ရမည့် နည်းလမ်းများ၊ လျှပ်စစ်မီးကြောင့် မီးလောင်မှုမဖြစ်ပွားစေရေး လျှပ်စစ်ပစ္စည်းများကို မကြာခဏစစ်ဆေးရန်အချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မီးလောင်မှုဖြစ်ပွားပါက အရေးပေါ်အခြေအနေများတွင် သတင်းအချက်အလက် လျင်မြန်စွာပေးပို့နိုင်ရေးအတွက် "191 Application" အား လက်ကိုင်ဖုန်းများတွင် ထည့်သွင်းအသုံးပြုနည်းများကို အသိပေးရှင်းလင်းပြောကြားခဲ့ပြီး မီးဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။ ထို့နောက် ကျောင်းဝန်းအတွင်း၌ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဗူးဖြင့် မီးငြိမ်းသတ်နည်းနှင့် ရေစိုဝတ်(စောင်)ဖြင့် အောက်ဆီဂျင်ဖြတ်တောက်ကာ မီးငြိမ်းသတ်နည်း အဆင့်ဆင့်တို့ကို လက်တွေ့သရုပ်ပြသကြရာ ကျောက်မဲကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများက ကြည့်ရှုအားပေးကြပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသားများက မီးသတ်ဆေးဗူးများဖြင့် လက်တွေ့ပါဝင် မီးငြိမ်းသတ်ခဲ့ကြသည်။
ခရိုင်(ပြန်/ဆက်)