လယ်ဝေး ဇွန် ၁၆
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်းကျင်းပသည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက သဲကောကြီးကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ လယ်ဝေးမြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာသဇင်မြင့်က အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က မြန်မာအမျိုးသမီးတို့၏ဂုဏ်ရည်ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောသည်။ ဆက်လက်၍ စာပေဗိမာန်ဆုရ စာရေးဆရာမဒေါ်သက်သက်နွယ်၊ (သက်သက်နွယ်-ရန်ကုန်တက္ကသိုလ်) ကခေတ်အဆက်ဆက် မြန်မာအမျိုးသမီးတို့၏ဝတ်စားဆင်ယင်မှု ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောသည်။
ထို့နောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာသဇင်မြင့်က စာရေးဆရာမ ဒေါ်သက်သက်နွယ်အား ဂုဏ်ပြုလက်ဆောင်ပေးအပ်ချီးမြှင့်ကာ သဲကောကြီး(အ-ထ-က)သို့ ကျောင်းသုံးဗလာစာအုပ် ဒါဇင် ၂၀ နှင့်စာရေးကိရိယာများပေးအပ်လှူဒါန်းသည်။ ထို့နောက် မြို့နယ်ဦးစီးမှူးဒေါ်ဝေကြည်စန်းက ကျောင်းစာကြည့်တိုက်သို့ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းအေးက လက်ခံရယူသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနံရံကပ်စာစောင်များပြသရာ ကျောင်းသား/ကျောင်းသူများကစိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)