မိုင်းယု ဇန်နဝါရီ ၂၁
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အခြေအနေများကြောင့် အထူးဒေသ(၄)အဖွဲ့မှ နယ်စပ်ကုန်သွယ်ရေးတံတားဖြစ်သည့် မိုင်းယု-ကျိန်းယဲန်း တံတားကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၄ ရက်နေ့က ရက်အကန့်သတ်မရှိ ယာယီပိတ်ထားခဲ့သည့်တံတားကို ယမန်နေ့နံနက် ၆ နာရီမှစတင်၍ ကုန်စည်စီးဆင်းမှု အဆင်ပြေစေရန် ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ တံတားပိတ်ရခြင်းမှာ NDAA မိုင်းလားအဖွဲ့မှ အထူးဒေသ(၄)တွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှု အခြေအနေများကြောင့် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၄ ရက်၊ ညနေ ၆ နာရီကစတင်၍ မိုင်းယု-ကျိန်းယဲန်းတံတားကို အထူးဒေသ(၄)မှ ကုန်စည်များ ဖြတ်သန်းသွားလာခွင့်အား ရက်အကန့်သတ်မရှိ ယာယီပိတ်ထားခဲ့ပြီး ယခုအခါ NDAA မိုင်းလားအဖွဲ့မှ အထူးဒေသ(၄)တွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်နေသူ မရှိတော့သဖြင့် မိုင်းလား၊ အထူးဒေသ(၄)၊ နမ့်ပန်းဒေသ ရဲမှူးမှ မိုင်းယုမြို့ရှိ သက်ဆိုင်ရာတာဝန်ရှိသူများထံ ဖုန်းဖြင့်ဆက်သွယ်ကာ နယ်စပ်ဒေသ မိုင်းယု-ကျိန်းယဲန်းတံတားကို ကုန်စည်စီးဆင်းမှုများ အဆင်ပြေစေရန် ပြန်လည်ဖွင့်လှစ်ခဲ့ကြကြောင်း သိရသည်။
ကိုကိုနိုင်(ပြန်/ဆက်)