မဟာအောင်မြေ ဇွန် ၁၆
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပသည်။
ရှေးဦးစွာ မဟာအောင်မြေမြို့နယ်၊ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြဝင်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီက စာဖတ်ရှိန်မြှင့်တင်ရေးနှင့်လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် လူငယ်များအနေဖြင့် စာအုပ်စာစောင်များကို အမြဲလေ့လာဖတ်ရှုစေလိုကြောင်း၊ စာပေကို အမြဲလေ့လာဖတ်ရှုနေမှသာ အမှား/အမှန် ဝေဖန်ပိုင်းခြားနိုင်မည်ဖြစ်ကြောင်း၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတများကိုလည်း ရှာဖွေ၍ လေ့လာမှတ်သားစေလိုကြောင်းစသည်ဖြင့် အကျယ်တဝင့် ဟောပြောခဲ့သည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးညီဝင်းသူက လူငယ်များအတွက် ပညာ၏တန်ဖိုးကိုဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်စာစောင်များကို ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အောင်ဇော်မင်း