ပင်လောင်းမြို့နယ်၌ Placemet Test(အထူးအစီအစဉ်) ရေးဖြေစာမေးပွဲဖြေဆိုလျက်ရှိ

ပင်လောင်း ဇွန် ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီ အချိန်က ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placemet Test (အထူးအစီအစဉ်) ရေးဖြေစာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို ဖြေဆိုလျက်ရှိကြောင်း သိရသည်။

စာမေးပွဲတွင် မူလတန်းအောက်ဆင့် Grade –1၊ Grade-2၊ Grade - 3 တွင် မြန်မာ၊ အင်္ဂလိပ် စာ၊ သင်္ချာ ဘာသာရပ်နှင့် နှုတ်ဖြေများကိုလည်းကောင်း၊ မူလတန်းထက်ဆင့် Grade - 4၊ Grade -5 တွင် မြန်မာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေးဘာသာရပ်ကိုလည်းကောင်း၊ အလယ်တန်းအဆင့် Grade -6၊ Grade-7၊ Grade-8 တွင် မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်း၊ အထွေထွေသိပ္ပံ ဘာသာရပ်များကိုလည်းကောင်း ဖြေဆိုရမည်ဖြစ်ပြီး ကျောင်းသား၊ကျောင်းသူ ၉၇ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။

အဆိုပါ Placemet Test ကျင်းပခြင်းသည် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်စ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းနားထားသည့် မူလတန်း၊ အလယ်တန်း အရွယ်ကလေးများအတွက် အခြေခံပညာကျောင်းများသို့ ပြန်လည်တက်ရောက်နိုင်ရန် အထူးအစီအစဉ်အနေဖြင့် ဆောင်ရွက်ပေး ခြင်းဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။

မြို့နယ်ပြန်/ဆက်