ကျောက်ဆည် ဇွန် ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား/ကျောင်းသူများ အသိပညာ ဗဟုသု တများ ရရှိပြီး စာဖတ်ရှိန်မြှင့်တင်ရေး ကျောက်ဆည်မြို့နယ် အမှတ်(၈)မူလတန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီက အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေး ဟောပြောပွဲတွင် ကျောက်ဆည်မြို့နယ်၊ အမှတ်(၈) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးဆွေမှ ငယ်ရွယ်စဉ်အချိန်ကပင် ကျောင်းစာအပြင် ပြင်ပဗဟုသုတပြည့်စုံရေးနှင့် အားလပ်ချိန်များတွင် စာပေများလေ့လာဖတ်ရှုစေရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲများ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများအကြောင်းနှင့် အလိမ္မာစာမှာရှိ၊ ပညာရွှေအိုးလူမခိုး၊ ပညာလိုအိုသည်မရှိစသည့်စာပေ အကျိုးကျေးဇူးများအကြောင်း အသိပညာပေး ဟောပြောခဲ့သည်။
အသိပညာပေး ဟောပြောပွဲအပြီးတွင် ကျောင်းသား/ကျောင်းသူများက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)