သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) တွင် (၁၈) ကြိမ်မြောက် မျက်စိဝေဒနာရှင်များအား အခမဲ့ကုသပေးလျက်ရှိရာ ၁၂၀၀ ဦးခန့် လာရောက်ပြသ

ရန်ကုန် ဇွန်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ သီတဂူဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ၏ သီတဂူစက္ခုဒါနအဆင့်မြင့်ဆေးရုံကြီးတွင် အနယ်နယ်အရပ်ရပ်မှ မျက်စိဝေဒနာရှင်များအား (အခမဲ့) ကုသပေးလျက်ရှိရာ ယခု (၁၈) ကြိမ်မြောက်အဖြစ် ၁၂၀၀ ဦးခန့် လာရောက်ပြသပြီး ၅၀၀ ဦးခန့်အား ခွဲစိတ်ကုသပေးခဲ့သည်။

ထိုသို့ လာရောက်ပြသလျက်ရှိရာသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဇွန် ၁၄ ရက်နေ့ မွန်းလွဲပိုင်းက သွားရောက်ခဲ့ပြီး နိုင်ငံတော်ဩဝါဒစရိယ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ၊ ရွှေကျင်သာသနာပိုင်၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ သာသနဓဇဓမ္မာစရိယ၊ အဂ္ဂမဟာမင်္ဂလဓမ္မ ဇောတိကဓဇ၊ ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ သီတဂူဆရာတော်ကြီးအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများနှင့် မျက်စိဝေဒနာရှင်များအား အခမဲ့စမ်းသပ်ခွဲစိတ်ကုသပေးရာတွင် လိုအပ်သည့်နေရာများ၌ အသုံးပြုနိုင်ရေးအလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ခွဲစိတ်ကုသနေမှုနှင့် ဆေးကုသရန်စောင့်ဆိုင်းနေသည့် လူနာများကို ကြည့်ရူ၍ အားပေးစကားများ ပြောကြားကြသည်။

ထို့သို့ လာရောက်ပြသသည့် လူနာများကို ဖြစ်ပွားသည့်ရောဂါများအလိုက် မျက်စိအထူးကုဆရာဝန်ကြီးများက စမ်းသပ်စစ်ဆေးကုသပေးခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)