ကျိုင်းတုံမြို့၌ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း နည်းပြသင်တန်းဖွင့်

ကျိုင်းတုံ ဇွန် ၁၆

ပညာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ပူးပေါင်းကျင်းပသည့် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း နည်းပြသင်တန်းဖွင့်ပွဲကို ယမန်နေက ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံတက္ကသိုလ် ခေမာရဌ်ခန်းမတွင်ကျင်းပသည်။‌

ဦးစွာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းရှေ့)ဥက္ကဋ္ဌ ဦးတင်လင်းနှင့် ကျိုင်းတုံတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာဆန်းလွင်တို့က အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ပညာရေးမှူးရုံး(ရုံးခွဲ)မှ ညွှန်ကြားရေးမှူး ဒေါ်နော်ရှသ်က နည်းပြသင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၁၂၃)ဦး တက်ရောက်ပြီး အခြေခံမြန်မာစာ၊ သင်္ချာ၊သင်နည်းလမ်းညွှန်စသည့် ဘာသာရပ်များကို ဇွန် ၁၅ ရက်မှ ၁၈ ရက်အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)