လူထုအခြေပြုဗဟိုဌာန (ဗဟန်း) ၌ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းအမှတ်စဉ် (၄/၂၀၂၆) သင်တန်းဆင်းပွဲကျင်းပ

ဗဟန်း ဇွန် ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် (ဗဟန်း) လူထုအ‌ခြေပြုဗဟိုဌာန၌ ဗဟန်းမြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ VIP.AFS ၂၄ နာရီ ကျန်းမာရေးအထောက်အကူပြုမှ ရှေးဦးပြုစုခြင်းအခြေခံသင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။

သင်တန်းဆင်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်မြင့်အောင်နှင့် ဗဟန်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံဝင်းတို့က သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပြီး သင်တန်းတွင် ထူးချွန်စွာ သင်ကြားခဲ့ကြသော သင်တန်းသား သင်တန်းသူများကို ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရပါသည်။ ထို့နောက် ဗဟန်းမြို့နယ်တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီတင်၊ ဗဟန်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံဝင်းနှင့် ဗဟန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌတို့က ဗဟန်းမြို့နယ်ကြက်ခြေနီအသင်းသို့ အလှူငွေများပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ကမာရွတ်ခရိုင် ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးအောင်ကြည်က သင်တန်းဆင်းလက်မှတ်များ ပေးအပ်ပြီး MESI ကောလိပ်မှ ဆရာဇင်ဖြိုးပိုင်က ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရပါသည်။

အဆိုပါသင်တန်းတွင် ရှေးဦးပြုစုခြင်း ဘာသာရပ်များကို စာတွေ့၊ လက်တွေ့ အချိန် ၃ ရက်ကြာ သင်ကြားပေးခဲ့ပြီး ဗဟန်းမြို့နယ်ကြက်ခြေနီအသင်းဝင်နှင့်တပ်ဖွဲ့ဝင် သင်တန်းသူ သင်တန်းသား ပေါင်း ၄၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သင်းသင်းစိုး (ပြန်/ဆက်)