အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၄၇/၂၀၂၆) သင်တန်းဖွင့်

ရန်ကုန် ဇွန် ၁၆

နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဖွင့်လှစ်သည့် အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၄၇/၂၀၂၆) သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ နိုင်ငံခြားရေးဝန်ကြီးဌာနရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော် တက်ရောက်၍ သင်တန်းဖွင့်အမှာစကားပြောကြားသည်။

သင်တန်းဖွင့်ပွဲသို့ အငြိမ်းစားသံအမတ်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ ဝါရင့်သံတမန်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ တက္ကသိုလ်များမှ ပါမောက္ခ ဆရာကြီး/ဆရာမကြီးများ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။

အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၄၇/၂ဝ၂၆) ကို နိုင်ငံခြားရေးဝန်ကြီးဌာန (ရန်ကုန်) တွင် ၂၀၂၆ ခုနှစ် ဇွန်လ ၁၅ မှ စက်တင်ဘာ ၄ ရက်အထိ ရက်သတ္တ (၁၂) ပတ်ကြာ အပတ်စဉ်တနင်္လာနေ့မှ သောကြာနေ့များတွင် နံနက် ၇ နာရီမှ ၉ နာရီအထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး၊ အစိုးရအဖွဲ့အစည်းအသီးသီးနှင့် ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် ပြင်ပပုဂ္ဂလိကနယ်ပယ်များမှ နိုင်ငံတကာဆက်ဆံရေးနှင့် သံတမန်ရေးရာဘာသာရပ်များကို စိတ်ပါဝင်စားသူများ စုစုပေါင်း (၉၅) ဦးခန့် တက်ရောက်ကြသည်။

အဆိုပါသင်တန်းတွင် သံတမန်ရေးရာဘာသာရပ်များ၊ နိုင်ငံတကာရေးရာများ၊ နိုင်ငံတကာဆက်ဆံရေးဘာသာရပ်များ၊ နိုင်ငံတကာဥပဒေဘာသာရပ်များ၊ နိုင်ငံရေးဘောဂဗေဒနှင့် အထွေထွေဗဟုသုတဆိုင်ရာများစသည့် ဘာသာရပ်များကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။

​အောင်မြင့် (ပြန်/ဆက်)