ကျိုင်းတုံမြို့၌ သံဃနာယကနှင့် ဝိနည်းဓိုရ်ဆင့်ပွားသင်တန်းဖွင့်

ကျိုင်းတုံ ဇွန် ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ သံဃနာယကနှင့်ဝိနည်းဓိုရ် ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း(ကျိုင်းတုံ)တွင် ကျင်းပရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးတင်လင်း၊ ပြည်နယ်သာသနာရေးမှူး ဦးကိုကိုအောင်၊ အလှူရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။‌

ဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ်းရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး တက်ရောက်လာကြသူများက ကျိုင်းတုံမြို့ သံသရာအေးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကောသလ္လထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးတင်လင်း၊ အမှတ်(၁၄)သတင်းရဲတပ်ဖွဲ့(ကျိုင်းတုံ) ဒုတိယတပ်ဖွဲ့ခွဲမှူး ရဲမှူးထိန်လင်းသိန်းစောနှင့် အလှူရှင်များက သင်တန်းအတွက် လှူဖွယ်ဝတ္ထုငွေများနှင့် စာရေးကိရိယာများ လှူဒါန်းကြသည်။ အဆိုပါသင်တန်းသို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းမြို့နယ်များမှ သံဃာတော် ၂၅ ပါး တက်ရောက်ပြီး သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း၊ ဝိနိစ္ဆယလက်စွဲ စသည့်ဘာသာရပ်များကို ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)