တောင်ကြီး ဇွန် ၁၆
ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူသည် ရှမ်းပြည်နယ်ပညာရေးမှူးနှင့်တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက တောင်ကြီးမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းပြင်ပရောက်ကလေးများ (မူလတန်းဆင့်နှင့်အလယ်တန်းဆင့်)ကျောင်းသို့ပြန်လည်ရောက်ရှိရေး Placement Test (အထူးအစီအစဉ်) စာမေးပွဲဖြေဆိုနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးနှင့်တာဝန်ရှိသူများသည် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသားမိဘများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးသည်။ ထို့နောက် ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ စာမေးပွဲဖြေဆိုနေမှုကို ကြည့်ရှုအားပေးပြီး ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် ပြည်နယ် ဝန်ကြီးက လိုအပ်သည်များပေါင်းစပ်ဆောင်ရွက်ပေးသည်။ အဆိုပါ ကျောင်းပြင်ပရောက်ကလေးများ (မူလတန်းဆင့်နှင့်အလယ်တန်းဆင့်) Placement Test (အထူးအစီအစဉ်)စာမေးပွဲတွင် တောင်ကြီး မြို့နယ်အတွင်း ဝင်ရောက်ဖြေဆိုရန်စာရင်းရှိသူ (၄၀၉)ဦးအနက် (၃၈၉)ဦးဝင်ရောက်ဖြေဆိုလျက်ရှိ ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် လှယဉ်ကျေးမယ်ပြိုင်ပွဲကျင်းပနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ ပြည်နယ်ဝန်ကြီးက အမှာစကားပြောကြားသည်။ ထို့နောက် တက်ရောက်လာသော တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးကလိုအပ်သည်များပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အကြိုလှုပ်ရှားမှုများအနေဖြင့် အခြေခံပညာအဆင့်တွင် စာစီစာကုံးပြိုင်ပွဲ၊ အေရိုးဗစ်ပြိုင်ပွဲ၊ ပြေးခုန်ပစ်ပြိုင်ပွဲနှင့် ထုတ်ဆီးတိုးပြိုင်ပွဲတို့အားလည်းကောင်း၊ အဆင့်မြင့်ပညာအဆင့်တွင် ဆောင်းပါးပြိုင်ပွဲနှင့် လှယဉ်ကျေးမယ်ပြိင်ပွဲများကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မင်းသန့်(ပြန်/ဆက်)