တောင်ကြီး ဇွန် ၁၆
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေသည် တာဝန်ရှိသူများနှင့်အတူ ကောင်းမွန်သောရေသတ္တဝါမွေးမြူကျင့်စဉ်(GAqP) သင်တန်းဖွင့်ပွဲ၊ လယ်ယာသုံး စက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းဖွင့်ပွဲများသို့ ယမန်နေ့ နံနက်ပိုင်းက တက်ရောက်ဖွင့်လှစ်ကြောင်း သိရသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးသည် ရှမ်းပြည်နယ်ငါးလုပ်ငန်းဦးစီးဌာရုံး၌ ကျင်းပသည့် ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနနှင့် တောင်ကြီးတက္ကသိုလ်သတ္တဗေဒဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ်သင်တန်း၌ အဖွင့်အမှာစကားပြောကြားရာတွင် ရေသတ္တဝါမြူရေးလုပ်ငန်းသည် ကျေးလက်နေပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရုံသာမက တိုင်းပြည်အတွက် နိုင်ငံခြားဝင်ငွေရရှိအောင် ဆောင်ရွက်ပေးနိုင်သည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ သင်တန်းတက်ရောက်လာသည့် ကျောင်းသူ/ကျောင်းသားများအနေဖြင့် လေ့လာသိရှိရသည့်အကြောင်းအရာများကိုအခြေခံ၍ မိမိတို့၏ သုတေသနလုပ်ငန်းများတွင် ပြန်လည်အသုံးချနိုင်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကျရာကဏ္ဍမှ ပါဝင်ဆောင်ရွက် သွားကြရန်လိုအပ်ကြောင်း ပြောကြားသည်။ ထို့နောက် တောင်ကြီးတက္ကသိုလ် သတ္တဗေဒဌာနမှ ပါမောက္ခဌာနမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးက တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၈၅)စက်မှုလယ်ယာစခန်း(ရွှေညောင်)မြို့မှ ကြီးမှူးဖွင့်လှစ်သည့် တောင်ကြီးမြို့နယ် ကွန်လုံကျေးရွာအုပ်စု၊ ဘန်းကန်ကျေးရွာတွင် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းအမှတ်စဉ်(၁/၂၀၂၆-၂၀၂၇)ဖွင့်ပွဲသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားရာတွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် လယ်ယာသုံးစက်ကိရိယာများ သုံးစွဲလာကြသည်နှင့်အမျှ စက်ကိရိယာများ ကျွမ်းကျင်စွာ မောင်းနှင်ထိန်းသိမ်းရေး၊ ပြင်ဆင်ရေး လုပ်ငန်းများ မဖြစ်မနေ လိုအပ်လျက်ရှိကြောင်း၊ လယ်ယာသုံးစက်ကိရိယာများအား ကျွမ်းကျင်စွာ မောင်းနှင်ထိန်းသိမ်းပြင်ဆင်တတ်ခြင်းအားဖြင့် သီးနှံအလေအလွင့်နည်းပါခြင်း၊ အချိန်ကုန်သက်သာခြင်း၊ ကုန်ကျစရိတ်သက်သာခြင်း၊ အရည်အသွေးကောင်းထုတ်ကုများရရှိခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်၍ တောင်သူလယ်သမားများအကျိုးကိုရှေ့ရှု၍ လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းပြုပြင်မှုသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် ပို့ချသည့်သင်ခန်းစာများကို ကြိုးစားလေ့ကျင့်သင်ယူမှတ်သားကြရန်နှင့် ကျွမ်းကျင်သည့် စက်မောင်း/စက်ပြင်များဖြစ်အောင် ကြိုးစားသွားကြရန်လိုအပ်ကြောင်း ပြောကြားသည်။ ထို့နောက် စက်မှုလယ်ယာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူး ဦးကျော်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းတင်သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးက သင်တန်းအတွက် သင်ထောက်ကူပစ္စည်းများပေးအပ်ရာ သင်တန်းသားတစ်ဦးမှလက်ခံရယူခဲ့ပြီး ပြည်နယ်ဝန်ကြီးကတက်ရောက်လာသည့် သင်တန်းသား/သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေး၍ ခင်းကျင်းထားသည့် သင်တန်းသုံးစက်ကိရိယာများအား လှည့်လည်ကြည့်ရှုပြီး တောင်သူများ၏ တင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထို့နောက် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးသည် သမဝါယမဦးစီးဌာန၊ ရှမ်းပြည်နယ်ရုံးမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ရုံးသုံးစက်ကိရိယာဝယ်ယူခြင်းတို့အတွက် တင်ဒါဖွင့်ဖောက်စစ်ဆေးခြင်းအခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားရာတွင် တင်ဒါကော်မတီဝင်များအနေဖြင့် တင်ဒါတင်သွင်းလာသည့် ကုမ္ပဏီများကို ဖွင့်ဖောက်စစ်ဆေးရာတွင် လုပ်ထုံးလုပ်နည်းနှင့်အညီ စစ်ဆေးရွေချယ်ပေးရန်လိုအပ်ကြောင်း၊ တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှလည်း သတ်မှတ်စံချိန်စံညွှန်း အရည်အသွေးပြည့်မီအောင်ဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင်ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ သမဝါယမဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးမှ တင်ဒါဖွင့်ဖောက်စစ်ဆေးခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး တင်ဒါကော်မတီအဖွဲ့ဝင်များမှ လုပ်ငန်းကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။ ထို့နောက် တင်ဒါတင်သွင်းသည့် ကုမ္ပဏီများမှ ရှင်းလင်းတင်ပြပြီး တင်ဒါများအား ဖွင့်ဖောက်စစ်ဆေးကြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရှိရသည်။
ထက်ဝေ(ပြန်/ဆက်)