နေပြည်တော် ဇွန် ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး အထိမ်းအမှတ် ဟောပြောပွဲနှင့်ပြပွဲများကို ယနေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ် အဝါရောင်မျိုးဆက်သစ် ဘုန်းတော်ကြီးသင်ပညာရေး (မူလွန်)ကျောင်းတွင် ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါ်သင်းသင်းဇင်က အဖွင့်အမှာစကားပြောကြားပြီး ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက ဟောပြောပွဲနှင့်ပြပွဲများကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်ရရှိနိုင်သည့် စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများအကြောင်း အသိပညာပေးဟောပြောသည်။
ဆက်လက်၍ စာရေးဆရာမ နန်းနန်း(စပါးကျီ)က “အခြားဘဝတွေကို အားမကျပါနဲ့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာမ ချယ်ချယ်(YU)က “လူငယ်နှင့်ဗလငါးတန်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ သဘာဝက “မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဟောပြောခဲ့ကြပြီး နေပြည်တော်စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမောင်မောင်တာမှ ကျောင်းစာကြည့်တိုက်အတွက် သုတရသစာအုပ်စာစောင်များ လှူဒါန်းခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များနှင့် သုတရသစာအုပ်စာစောင်များကို ကျောင်းသား၊ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ဥတ္တရ)