စဉ့်ကိုင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်‌ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) အသိပညာပေး ဟော‌ပြောပွဲ ကျင်းပ

စဉ့်ကိုင် ဇွန် ၁၆

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ.မ.က (ကသဲစု)တို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ ‌မူးယစ်အန္တရာယ်နှင့် ပတ်သက်သည့် ဆိုးကျိုးများကို သိရှိစေရန် ရည်ရွယ်ကာ အသိပညာပေး ဟော‌ပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ် အချိန်က အ.မ.က (ကသဲစု)၌ ပြုလုပ်‌ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ အ.မ.က (ကသဲစု)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သူဇာက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက ဟောပြောပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းကာ ကျောင်းသား/ကျောင်းသူများအား မူးယစ်ဆေးဝါး၏ ကျေးကျွန်များမဖြစ်အောင် နေထိုင်ရန်၊ မူးယစ်ဆေးဝါး သုံးစွဲသူများနှင့် မိတ်ဖွဲ့နေထိုင်ခြင်း မပြုလုပ်ရန်၊ မည်သည့် မူးယစ်ဆေးဝါးကိုမျှ စမ်းသပ်သုံးစွဲခြင်း မပြုလုပ်ကြရန်၊ မူးယစ်ဆေးဝါး သုံးစွဲသူများ၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများအ‌ကြောင်း၊ အန္တရာယ်ဆိုးကျိုးများအကြောင်း၊ ဥပဒေ၊ နည်းဥပဒေများ စသည့် အကြောင်းအရားများကို ကျောင်းသား/ကျောင်းသူများနှင့် အကျယ်တဝင့် ဆွေးနွေး‌ဟောပြောခဲ့ကြ‌သည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ/ရသ စာအုပ်စာစောင်များကို ကျောင်းသား/သူများက စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)