မန္တလေး ဇွန် ၁၆
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ (မန္တလေး)ရှိ အားကစားသမားသင်တန်းသူ/သားများအား ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက မိုဘိုင်းရွေ့လျားစာကြည့်တိုက် ယာဉ်ဖြင့် စာအုပ်၊ စာစောင်များအား အခမဲ့ ငှားရမ်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စာအုပ်စာစောင်များ ငှားရမ်းဆောင်ရွက်ပေးရာတွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အားလပ်သည့်အချိန်များတွင် စာဖတ်ခြင်းဖြင့် ရရှိလာမည့် စာပေအကျိုး ကျေးဇူးများ ရရှိစေရန် ရည်ရွယ်၍ ယင်းမိုဘိုင်းရွေ့လျားစာကြည့်တိုက်ယာဉ်ရှိ သုတ၊ ရသ စာအုပ်ပေါင်း နှစ်ထောင်ကျော်ရှိပြီး နှစ်ပတ်လျှင်တစ်ကြိမ် စာအုပ်စာစောင်အသစ်များ အခမဲ့ လှယ်လဲပေးသွားမည်ဖြစ်ပြီး မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက တစ်ဦးလျှင် စာအုပ် (၂) အုပ်နှုန်းဖြင့် အခမဲ့ ငှားရမ်းဆောင်ရွက်ပေးခဲ့သည်။
ယင်းစာအုပ်စာစောင်များကို ငှားရမ်းဖတ်ရှုလိုပါက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် အခမဲ့ လာရောက်ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရသည်။
ဇင်မင်းမောင် (ပြန်/ဆက်)