ဗန်းမော် မြို့နယ်အတွင်း၌ ခွေးရူးရောဂါ ကင်းစင်ပပျောက် နိုင်စေရေးအတွက် ခွေးရူးရောဂါ ကာကွယ်ဆေး အခမဲ့ ထိုးနှံပေး

ဗန်းမော်  ဇန်နဝါရီ  ၂၁

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်း၌ ခွေးရူးရောဂါကင်းစင် ပပျောက်နိုင်စေရေးအတွက် ဗန်းမော်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဗန်းမော်မြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းတိုက်များသို့ ယမန်နေ့ နံနက် ၈ နာရီခွဲ ခန့်က ခွေးရူးရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။

ခွေးရူးရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် ဗန်းမော်မြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာထွန်းထွန်းမင်းနှင့် ဝန်ထမ်းများက ဗန်းမော်မြို့ပေါ် ရပ်ကွက်ရှိ ဘုန်းတော်ကြီး ကျောင်းတိုက်(၇)ကျောင်းနှင့် သီလရှင် ကျောင်း(၁)ကျောင်းတို့၌ ခွေးနှင့်ကြောင်များကို လည်းကောင်း၊ ဇန်နဝါရီ ၁၉ ရက်နေ့တွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးဝင်း၌ ဗန်းမော်မြို့ ဒေသခံ ပြည်သူများမှ မွေးမြူထားသော ခွေးနှင့်ကြောင်များကို လည်းကောင်း စုစုပေါင်း ခွေးကောင်ရေ (၁၄၃)ကောင်နှင့် ကြောင်(၇)ကောင်တို့ကို ခွေးရူးရောဂါ ကာကွယ်ဆေးအခမဲ့ ထိုးနှံပေးခဲ့ပြီး "ခွေးရူးရောဂါ ကာကွယ်တားဆီးရေး" အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေ ပေးခဲ့ကြသည်။

" အခုလို ခွေးရူးရောဂါ ကာကွယ်ဆေး ထိုးနှံပေးရတဲ့ ရည်ရွယ်ချက်ကတော့ ခွေးရူးရောဂါဟာ တိရစ္ဆာကနေ လူကို ကူးစက်နိုင်တဲ့ အဓိကရောဂါဖြစ်ပြီး အသက်အန္တရာယ်ကိုပါ ဆုံးရှုံးစေနိုင်တဲ့အတွက် ဗန်းမော်မြို့နယ် အတွင်းမှာ ခွေးရူးရောဂါ ဖြစ်ပွားမှု လျော့ကျစေဖို့နဲ့ "ခွေးရူးရောဂါကင်းစင် မြန်ပြည်တစ်ခွင် ၂၀၃၀ တွင်" ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ခွေးရူးရောဂါ ကင်းစင်ပပျောက်သွားဖို့ ရည်မှန်းပြီး ထိုးနှံပေးရခြင်း ဖြစ်ပါတယ်" ဟု ဗန်းမော်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ ထွန်းထွန်းမင်းက ပြောသည်။

ကိန်းဖြူ(ပြန်/ဆက်)