မြစ်သား ဇွန် ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ရွှေသူဌေးရပ်ကွက်အတွင်းရှိ အနော်ရထာခန်းမတွင် ရပ်ကွက်/ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးများအား ဥပဒေ၊ နည်းဥပဒေနှင့်အညီ ရွေးချယ်ခန့်ထားရေးနှင့်စပ်လျဉ်း၍ ရပ်ကွက်/ကျေးရွာအုပ်စု ကြီးကြပ်ရေးအဖွဲ့များအား သင်တန်းပို့ချခြင်းအခမ်းအနားကို ဇွန် ၁၅ ရက် နံနက် ၉ နာရီက ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်ဌာနဆိုင်ရာအဖွဲ့ခေါင်းဆောင်များမှ ရပ်ကွက်/ကျေးရွာ အုပ်စုကြီးကြပ်ရေး အဖွဲ့များအား ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်လွှာများကို ပေးအပ်သည်။ ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်က အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးမိုးဇော် နှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရှိန်းသူ တို့က ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ခန့်ထားရေးနှင့်စပ်လျဉ်း၍ ဥပဒေ၊ နည်းဥပဒေ များအား ဆွေးနွေးပို့ချခဲ့ကြောင်းသိရသည်။
ဝင်းမင်းထွန်း (ပြန်/ဆက်)