စစ်တွေ ဇွန် ၁၅
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ရှိ ပြည်နယ်မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနပိုင် ဝန်ထမ်းအိမ်ရာများအား လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး မင်းဂံရပ်ကွက်အတွင်း ရေစီးရေလာကောင်းမွန်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနရုံး သို့သွားရောက်ကြပြီး အစည်းအဝေးခန်းမ၌ ပြည်နယ်ဦးစီးမှူးက ပြည်နယ်မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ဝန်ထမ်းအိမ်ရာစခန်းတစ်ခုချင်းစီ၏အခြေအနေ၊ ဝန်ထမ်းအိမ်ရာများပျက်စီးမှုမရှိစေရေး ကြီးကြပ်ပြင်ဆင်ထိန်းသိမ်းထားရှိမှု၊ ဝန်ထမ်းအင်အားအခြေအနေ၊ အိမ်ရာများတွင် ဌာနအသီးသီးသို့ အိမ်ခန်းခွဲဝေချထားမှုနှင့် လူနေထိုင်မှုအခြေအနေများအားရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်များက စစ်တွေမြို့ရှိ အိမ်ရာစခန်းများ အခြေအနေများနှင့် ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေးတင်ပြကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဝန်ထမ်းအိမ်ရာများအလိုက် ရေရရှိရေး၊ ဆိုလာစနစ်ဖြင့် မီးရရှိစေရေး၊ မိလ္လာစနစ်ကောင်းမွန်စေရေး၊ ဝန်ထမ်းအိမ်ရာပတ်ဝန်းကျင် ခြင်ပေါက်ပွားမှုမရှိစေရေးနှင့် ခြုံနွယ်များရှင်းလင်းဆောင်ရွက်ရန်၊ လူနေထိုင်ခြင်းမရှိသော ဝန်ထမ်းအိမ်ရာများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး၊ ဌာနမှအစောင့်ထား၍ ထိန်းသိမ်းဆောင်ရွက်ထားရှိရေး၊ အန္တရာယ်ရှိသတ်မှတ်ထားသော အဆောက်အဦများအား ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ပြီးပြတ်အောင်ဆောင်ရွက်ရေး၊ သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များနှင့်အညီ လိုက်နာနေထိုင်မှုမရှိသော ဝန်ထမ်းနေအိမ်များအား ဥပဒေနှင့်အညီ ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများကို မှာကြားသည်။
ယင်းနောက် ပြည်နယ်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်တော်သာဝန်ထမ်းအိမ်ရာ၊ ဘုမေဝန်ထမ်းအိမ်ရာ၊ ရွှေမင်းဂံဝန်ထမ်းအိမ်ရာနှင့် ရွှေပြည်သာဝန်ထမ်းအိမ်ရာတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး အိမ်ရာစခန်းများတွင် နေထိုင်ကြသော ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ မင်းဂံရပ်ကွက်အတွင်း ရေစီးရေလာ ကောင်းမွန်ရေးအတွက် ရေမြောင်းများတူးဖော်ဆောင်ရွက်ထားရှိမှုအခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးနှင့်တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ကြ သည်။
တင်ထွန်း (ပြန်/ဆက်)၊ ဓာတ်ပုံ- ဝင်းမင်းစိုး