စဉ့်ကူး ဇွန် ၁၅
မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသော ကျောင်းသားကျောင်းသူများအတွက် Placement Test စာမေးပွဲကျင်းပခြင်းကို ယနေ့နံနက် ၉နာရီမှစ၍ စဉ့်ကူးမြို့နယ်အတွင်းရှိ စာစစ်ဌာန ၉ ခုတွင် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ စာမေးပွဲများ ကျင်းပရာသို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်စွာဝင်းခိုင်၊ စဉ့်ကူးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးမျိုးဝင်းတို့က လှည့်လည်ကြည့်ရှုအားပေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါစာမေးပွဲများကို စဉ့်ကူးမြို့နယ်တွင် အထက-စဉ့်ကူး၊ အထက-လက်ပန်လှ၊ အထက-ကျည်တောက်ပေါက်၊ အထက-နွယ်ရုံ၊ အထက-ထုံးကြီး၊ အထက-ရွှေပြည်၊ အထက-ဆည်သည်၊ အထက(ခွဲ)- ညောင်ဝန်း၊ မူလွန်-ရွှေကူကြီး၊ စုစုပေါင်း စာစစ်ဌာန ၉ ခုတို့တွင်ကျင်းပလျက်ရှိပြီး ကျောင်းသားကျောင်းသူ စုစုပေါင်း ၈၈၀၉ ဦး ဝင်ရောက်ဖြေရန် စာရင်းပေးသွင်းထားကြောင်း သိရသည်။
အခြေခံပညာဦးစီးဌာနသည် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းသို့ရောက်ရှိရေး၊ ကျောင်းနေမြဲရေးနှင့် အနည်းဆုံး KG+9 ပြီးမြောက်ရေးတို့အတွက် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသော ကျောင်းသားကျောင်းသူများအတွက် ရောက်ရှိနေသောအသက်အရ လည်းကောင်း၊ တတ်မြောက်ခဲ့သော ပညာအရည်အချင်းအရသော်လည်းကောင်း အတန်းတင်ပေးမည့် မူချမှတ်၍ ကျောင်းများသို့ စနစ်တကျဝင်ရောက်သင်ယူနိုင်ရန် အထူးအခွင့်အရေးတစ်ရပ်အနေဖြင့် Placement Test စာမေးပွဲစစ်ဆေးခြင်း ဖြစ်သည်။ ယခုစာမေးပွဲကို ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် တစ်ကြိမ်သာ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
တင်ဇာလွင်(ပြန်/ဆက်)