မှော်ဘီမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွက်ဆို၊ ပုံပြင်ပြော ပြိုင်ပွဲများ ကျင်းပ

မှော်ဘီ ဇွန် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က လူငယ်များ စာဖတ်ရှိန်​မြှင့်တင်နိုင်ရေးအတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွက်ဆို၊ ပုံပြင်ပြောပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မှော်ဘီမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစန်းဝင်းက လူငယ်တစ်ဦးချင်းစီတွင် ရှိသင့်သည့် ဗလငါးတန်ခေါ် အင်အားငါးမျိုးဖွံ့ဖြိုးတိုးတက်ရေးက မြန်မာ့ပညာရေးနှင့် လူ့အဖွဲ့အစည်းတွင် အလွန်အရေးကြီးသည့် အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ လူတစ်ဦးချင်းစီ၏ ဘဝအောင်မြင်ရေးအတွက် ဗလငါးတန်ကို မျှတအောင်တည်ဆောက်ရန် လိုအပ်ပါကြောင်း ကြိုးစားလျှင်ကြိုးစားသလောက် အောင်မြင်မှုပန်းတိုင်ကို ရောက်နိုင်ပါကြောင်း ဗလငါးတန်ဖွံ့ဖြိုးလာစေရေး အကြောင်းအရာများအား ပြောကြားခဲ့သည်။

ဆက်လက်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများ ကျင်းပခဲ့ရာ အကောင်းဆုံးဆောင်ရွက်နိုင်သူ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းနှင့် ဒုတိယဦးစီးမှူး ဒေါ်လှလှထွေးတို့က ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထို့နောက် ကျောင်းသား/ကျောင်းသူလေးများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အရွယ်မရောက်သေးသူ လူငယ်များစစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား ပြသထားရာ  ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)