မြဝတီ ဇွန် ၁၅
ကရင်ပြည်နယ် မြဝတီမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ရောက်ရှိနေသည့်ကျောင်းနေအရွယ် ကလေးများအတွက် Placement Test (အထူး) စာမေးပွဲကိုယနေ့နံနက် ၉ နာရီက အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနတွင် ကျင်းပသည်။
အဆိုပါ စာမေးပွဲကို ကျောင်းပြင်ပသို့ရောက်ရှိနေကြသည့် Grade (1)မှ Grade(8)အထိ ကျောင်းသား၊ကျောင်းသူ (၄၀၅) ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရဲလင်းမောင်၊ ခရိုင်ပညာရေးမှူး ဦးစောဝါးလယ်ထူး၊ မြို့နယ်ပညာရေးမှူး ဦးမိုးကျော်၊ အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်းအုပ် ဦးအုန်းမြင့်တို့က လိုက်လံကြည့်ရှုကြပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့များက လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
အထူးစာမေးပွဲကို ဇွန် (၁၅)ရက်မှ (၂၀)ရက်အထိ ဘာသာရပ်အလိုက် ဖြေဆိုကျင်းပမည်ဖြစ်ပြီး ဇူလိုင် (၁)ရက်၌ အောင်စာရင်း ထုတ်ပြန် ကြေညာပေးသွားမည်ဖြစ်သည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)