အုတ်တွင်း ဇွန် ၁၅
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အစိုးရသစ်ရက် (၁၀၀) စီမံချက်ဖြင့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆပ်ပြာခေါင်းလျှော်ရည်ပြုလုပ်နည်းသင် တန်းဖွင့်လှစ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါရုံးအစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာတောင်ငူခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမောင်မောင်နိုင်မင်းက သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာမြင့်က သင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပေးခဲ့သည်။
ထို့နောက် သင်တန်းသို့ တက်ရောက်လာသော သင်တန်းသား/သင်တန်းသူများကို သင်ထောက်ကူပစ္စည်းများအား တောင်ငူခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ မြို့နယ်သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူ အသီးသီးတို့မှပေးအပ်ခဲ့သည်။
ဆက်လက်၍ သင်တန်းနည်းပြဆရာမ ဒေါ်အိဖြူက သင်တန်းသား/သင်တန်းသူ (၂၀) ဦးတို့အား ဇွန်လ (၁၅) ရက်နေ့မှဇွန်လ (၁၉) ရက်နေ့ထိ ငါးရက်ကြာစာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ပါကြောင်းနှင့် သင်တန်းသို့ တက်ရောက်လာသော တောင်ငူခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးဌာနမှ ခရိုင်ဦးစီးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် သင်တန်းသား/သင်တန်းသူများက စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
ခင်ခင်မာ (ပြန်/ဆက်)