ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ ပံသကူမဟာထေရ် ဘုရားတည်ဆောက်ပုံ ဗိသုကာပညာနှင့် ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်အား လေ့လာနိုင်

ညောင်ဦး ဇွန် ၁၅

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ခရီးသွား ဘုရားဖူး၊ လေ့လာရေးရောက်ရှိခဲ့ပါက ပံသကူမဟာထေရ်ဘုရားဖူးမြော်ပြီး ဘုရားတည်ဆောက်ပုံ ‌ဗိသုကာပညာရပ်များကို လေ့လာနိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲတာဝန်ရှိသူများထံက သိရသည်။

ပံသကူမဟာထေရ်ဘုရားကို သပိတ်မှောက်ဘုရားဟုခေါ်တွင်ခဲ့ပြီး အရှင်ပံသကူမဟာထေရ် သပိတ်မှောက်သည့် လုပ်ရပ်ကိုအစွဲပြုကာ သပိတ်မှောက်ဘုရားဟုခေါ်တွင်ခဲ့ကြောင်း၊ စူဠာမဏိဘုရားကြီး တည်ဆောက်ပြီးစဉ်က ပိုသောအုတ်များကိုအသုံးပြုတည် ဆောက်ခဲ့သည်ဟူ၍ လည်းကောင်း၊ ခရစ်နှစ် ၁၁၈၆ ခုနှစ်တွင် နရပတိစည်သူမင်းကြီး တည်ခဲ့သည်ဟုသိရှိရသည်။ စူဠာမဏိဘုရားနှင့်ပုံစံတူတည်ဆောက်ထားကြောင်း သမိုင်း အစဉ်အလာအရသိရှိရသည်။ သုံးထပ်လိုဏ်ဂူဘုရားတစ်ဆူဖြစ်ပြီး ၁၉၇၅ ခုနှစ်က ငလျင်ဒဏ်ကြောင့် ဘုရားလိုဏ်အတွင်း ပျက်စီးမှုများရှိခဲ့ပြီး ၂၀၁၆ ခုနှစ်တွင်ဖြစ်ပွားသော ငလျင်ဒဏ်လည်းထပ်မံပျက်စီးမှုဖြစ်ခဲ့ကြောင်းသိရသည်။ သပိတ်မှောက်ဘုရားခေါ်ပံသကူ မဟာထေရ်ဘုရားသည် အရှေ့ဘက်မုခ်လှည့်ဂူဘုရားဖြစ်ပြီး အတော်အသင့်ကြီးမားသော အရှေ့ဘက်မျက်နှာမူထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်ဖူးမြော်နိုင်သည်။ ဂူဘုရား အမိုးပေါင်းခုံး မျက်နှာကျက်တို့တွင်လည်း အကြားအလပ်မရှိ နံရံဆေးရေးပန်းချီအဝိုင်းပုံအတွင်း အနုစိတ်နံရံပန်းချီများ၊ ညောင်ရွက်ပုံနံရံပန်းချီများအတွင် အနုစိတ်ပန်းပွင့်လက်ရာများနှင့် ထိုင်တော်မူဆင်းတုတော်နံရံပန်းချီများကို လေ့လာနိုင်သည်။ လိုဏ်အတွင်း လေဝင်လေထွက်စနစ် ကောင်းမွန်မှုနှင့် အလင်းဝင်ပေါက်စနစ်များ ထူးခြားကောင်းမွန်လှသည့် ဗိသုကာလက်ရာများနှင့် ကျောက်စက်ပန်းဆွဲလက်ရာများ စိန်တောက်ပန်းဆွဲလက်ရာများ မူလတွေ့ရှိလေ့လာနိုင်ကြောင်း သိရသည်။

သပိတ်မှောက်ဘုရားခေါ် ပံ့သကူမဟာထေရ်ဘုရား၏ အနောက်ဘက်တွင် စူဠာမဏိ ဘုရား၊ ဦးကျည်ပွေ့ကျောင်း၊ ဓမ္မရံကြီးဘုရား၊ မြောက်ဘက်တွင် ကိုမောက်ကြီးရှုခင်းကြည့် တောင်ကုန်း၊ တောင်ဘက်တွင် ညောင်လက်ဖက်ကန်ရှုခင်းကြည့်တောင်ကုန်း၊ အရှေ့ဘက်နှင့် အရှေ့တောင်ဘက်တွင် ပြဿဒ်ကြီးဘုရား၊ ဆင်ဖြူရှင်အုတ်ကျောင်းတိုက်တို့အား တစ်ဆက်တစ်စပ်တည်း လေ့လာနိုင်ကြောင်းသိရသည်။

ဒီပါလင်း