ညောင်ဦး ဇွန် ၁၅
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်၌ Placement Test (အထူးအစီအစဉ်) စာမေးပွဲ စတင်ဖြေဆိုခြင်းအား ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ရောက်ရှိနေသော အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ အခြေခံပညာ မူလတန်းအဆင့် (Grade 2 မှ Grade 5) နှင့် အလယ်တန်းဆင့် (Grade 6 မှ Grade 9) ကျောင်းနေအရွယ် ကလေးများအား အသက်အရွယ်အရ သတ်မှတ်ထားသည့် အတန်းများသို့ ဝင်ရောက်ပညာသင်ယူနိုင်ရေးအတွက် အထူးအစီအစဉ်အနေဖြင့် Placement Test ဖြေဆိုခြင်းအား ဇွန် ၁၅ ရက် နံနက် ၉ နာရီကစတင်၍ သက်ဆိုင်ရာ စာဖြေ ကျောင်းများတွင်ဖြေဆိုလျက်ရှိကြောင်းသိရသည်။
အဆိုပါ Placement Test (အထူးအစီအစဉ်)ကို ညောင်ဦးမြို့နှင့်ကျောက်ပန်းတောင်းမြို့ တို့တွင် စာမေးပွဲကြီးကြပ်မှုကော်မတီများဖွဲ့စည်း၍ စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြေဆိုလျက်ရှိရာ ညောင်ဦးမြို့ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)၌ ကျောင်းသားကျောင်းသူ ၂၄၃ ဦး၊ အခြေခံပညာအထက်တန်းကျောင်း(ညောင်ဦး)၌ ကျောင်းသားကျောင်းသူ ၆၆၁ ဦးဖြေဆိုလျက်ရှိပြီး ကျောက်ပန်းတောင်းမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ၂၈၁ ဦး၊ ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၁၈၅ ဦးဖြေဆိုလျက်ရှိကြောင်း သိရသည်။
စာမေးပွဲတွင် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့် ကော်မတီဝင်များ၊ ခရိုင်ပညာရေးမှူး ဦးကျော်ဝင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်တင်အေးသန်းတို့က လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဒီပါလင်း