ဒဂုံ ဇွန် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပနိုင်ရေးအတွက် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဇွန်လ ၂၃ ရက်နေ့တွင် အ.ထ.က (၁) ဒဂုံကျောင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပွဲတော်ကျင်းပနိုင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းနှင့်အဖွဲ့ဝင်များ၊ ကျောက်တံတားခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဒေါ်ညွန့်ညွန့်အေးနှင့် အဖွဲ့ဝင်များ၊ ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးသန်းဦးနှင့် အဖွဲ့ဝင်များ၊ ဒဂုံမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကောင်းမြတ်ထွန်းနှင့်အဖွဲ့ဝင်များက ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တာဝန်ရှိသူများက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်၌ ပါဝင်မည့် ပြိုင်ပွဲ၊ ပြပွဲ၊ ဂိမ်းကစားပွဲနှင့် ပြခန်းများကျင်းပမည့် နေရာများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ဉာဏ်မင်းပြည့် (ပြန်/ဆက်)