နမ့်စန်(တ) ဇန်နဝါရီ ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်ပုဂ္ဂလိကရေပေးဝေရေးလုပ်ငန်း (EOI)ပဏာမ စိစစ်ရွေးချယ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလင်းအောင်ဆွေနှင့် ဦးစိုင်းလုံ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်နှင့် ခရိုင်အဆင့် သက်ဆိုင်ရာဌာနအကြီးအကဲများ၊ နမ့်စန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ လွိုင်လင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလင်းအောင်ဆွေက မြို့နယ်အတွင်း ရေလိုအပ်မှုအခြေအနေနှင့် ရေရရှိရေးလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြား ခဲ့သည်။
ဆက်လက်၍ ပုဂ္ဂလိက ရေပေးဝေရေးလုပ်ငန်း (EOI)လျှောက်ထားလာသည့် Cherry Queen Group ကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးက နမ့်စန်မြို့ရေပေးဝေရေးလုပ်ငန်းနှင့်ပတ်သက်၍ ဆောင်ရွက်မည့်လုပ်ငန်း အခြေအနေများကို ရှင်းလင်း တင်ပြခဲ့သည်။
ထို့နောက် မြို့နယ်ရေပေးဝေရေးလုပ်ငန်းဆောင်ရွက်ခြင်းအတွက်EOIအဆိုပြုလွှာစိစစ် ရွေးချယ်ခြင်း လုပ်ငန်းများကို ကုမ္ပဏီခိုင်မာမှုနှင့်တင်ပြသည့် အထောက်အထားများ ပြည့်စုံမှုစိစစ်ရေးအဖွဲ့၊ ကုမ္ပဏီမှတင်ပြ သောဆောင်ရွက်မည့်အစီအမံနှင့်နည်းပညာ စိစစ်ရွေးချယ်ရေးအဖွဲ့နှင့် ဆောက်လုပ်မှုအတွက် လိုအပ်သော အုပ်ချုပ်မှုဆိုင်ရာဖြည့်ဆည်းမှု အစီအမံ စိစစ်ရေးအဖွဲ့တို့က ပဏာမ စိစစ်ရွေးချယ်ခဲ့ကြောင်းသိရသည်။
နမ့်စန်မြို့နယ်တွင် မြို့နယ်စည်ပင်သာရေးဦးစီးဌာနက နမ့်လတ်ချောင်းမှတစ်ဆင့် ရေတင်၍ မြို့ရေပေးဝေရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်မြို့ပေါ်ရပ်ကွက်(၅)ခုလုံး လွှမ်းခြုံမှုမရှိခြင်း ၊ နွေရာသီတွင် နမ့်လတ်ချောင်းရေနည်းပါးခြင်းကြောင့် ရေပေးဝေနိုင်မှု အားနည်းခြင်း တို့ကြောင့် မြို့အတွင်း သန့်ရှင်းသော သောက်သုံးရေအား ခေတ်မီနည်းစနစ်ဖြင့် ရာနှုန်းပြည့်ဖြန့်ဝေနိုင်ရေး ဆောင်ရွက်နိုင်ရန် အတွက် ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနမှ စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI) ကိုခေါ်ယူခဲ့ခြင်းဖြစ်ပြီး လျှောက်ထားလာသော Cherry Queen Group ကုမ္ပဏီအား ခရိုင်နှင့်မြို့နယ်အဆင့် ပဏာမ စိစစ်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းဖြစ်ပြီး ဇန်နဝါရီလ ၂၂ရက်နေ့တွင် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန တွင် နောက်ဆုံးစိစစ်ရွေးချယ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး အမှုဆောင် အရာရှိ ဦးအောင်နိုင်ဦးထံမှသိရသည်။
သူရအောင်(ပြန်/ဆက်)