ကျေးသီးမြို့နယ်တွင် ကိုဗစ်−၁၉ ကာလအတွင်း စိတ်အပန်းဖြေစရာဖြစ်စေရန်အတွက် ကလေးငယ်များအား အရောင်ခြယ်စာအုပ်များ၊ ရောင်စုံခဲတံများ အခမဲ့ဖြန့်ဝေ

ကျေးသီး ဇန်နဝါရီ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် ကိုဗစ်၁၉ ကာလအတွင်း စိတ်အပန်းဖြေစရာ ဖြစ်စေရန်အတွက် ကလေးငယ်များအား အရောင်ခြယ်စာအုပ်များ၊ ရောင်စုံ ခဲတံများ အခမဲ့ဖြန့်ဝေခြင်းကို မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဝန်ထမ်းများက ယမန်နေ့ မွန်းလွဲပိုင်းက ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်လူမှုဝန်ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်လွင်နှင့် ဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးဝန်ထမ်းတို့က ကျေးသီးမြို့နယ် အတွင်းရှိ နောင်ဆွမ်းကျေးရွာနှင့် မိုင်းကောင်ကျေးရွာနေ ကလေးငယ်များ ကိုဗစ်၁၉ ရောဂါ ကာလအတွင်း အခြေခံကျောင်းများ ပိတ်ထားချိန်တွင် ကလေးငယ်များ စိတ်အပန်း ဖြေစရာဖြစ်စေရန်အတွက် အိမ်မှာနေရင်း ကိုဗစ်၁၉ရောဂါ အသိပညာများကို ဆေးရောင်ခြယ်ရင်း ပျော်ရွှင်မှုနှင့်ကျန်းမာစွာ နေထိုင်ပြီး စိတ်ဖိစီးမှုများကို မရှိစေနိုင်ရန်နှင့်  အထီးကျန် စိတ်များ ပယ်ဖျောက်နိုင်စေရန်အတွက် ရှမ်းဘာသာ၊ မြန်မာ ဘာသာတို့ဖြင့် ရေးသား ထုတ်ဝေထားသော ရုပ်ပုံအရောင်ခြယ်စာအုပ်များနှင့် ရောင်စုံခဲတံများ အခမဲ့သွားရောက်ဖြန့် ဝေပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကျန်ရှိသည့် ကလေးငယ်များအား  ရုပ်ပုံအရောင်ခြယ်စာအုပ်များ၊ ရောင်စုံ ခဲတံများနှင့် ကလေးစရာအရုပ်များ ဆက်လက်ဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာနရုံးမှ သိရှိရသည်။

သဲစုပိုင်(ပြန်/ဆက်)