ရန်ကုန် ဇွန် ၁၅
သန်လျင်ခရိုင် သန်လျင်မြို့ရှိ သီတဂူဗုဒ္ဓတက္ကသိုလ်၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းဖွင့်ပွဲ၊ ကျောင်းသားသစ် ကြိုဆိုပွဲနှင့် ဒီပလိုမာအောင်လက်မှတ်ပေးအပ်ပွဲကို ယနေ့နံနက် ၈ နာရီတွင် အဆိုပါတက္ကသိုလ်၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားအား ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး သီတဂူဗုဒ္ဓတက္ကသိုလ်(သန်လျင်) ဆရာတော် ဒေါက်တာသီဟဉာဏာလင်္ကာရ ဘိဝံသက တက္ကသိုလ်၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပညာရေးဆိုင်ရာနှင့်ကျောင်းသားစာရင်း အကျဉ်းချုပ်တို့အား ရှင်းလင်းလျှောက် ထားသည်၊ ဆက်လက်၍ သင်ကြားစီမံအဖွဲ့ဝင်ဆရာတော် အရှင်တိက္ခဉာဏက ကျောင်းသား ကျောင်းသူများ လိုက်နာရမည့်စည်းကမ်းများအားလျှောက်ထားသည်။
ဆက်လက်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဗုဒ္ဓဓမ္မဒီပလိုမာတန်း အောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအား သီတဂူဆရာတော်ကြီးဒေါက်တာဘဒ္ဒန္တဉာဏိဿရက အောင် လက်မှတ်များ ချီးမြှင့်ပြီး ဩဝါဒကထာ မိန့်ကြားတော်မူသည်၊ ထို့နောက် ဆရာတော်ကြီးအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ အလှူရှင်များက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး အမှတ်တရ စုပေါင်းဓါတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ(သန်လျင်)