ချင်းရွှေဟော် ဇန်နဝါရီ ၂၁
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှပြန်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင် မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ယမန်နေ့ ညနေ(၆)နာရီအချိန်က နေရပ်ပြန် ပြည်သူ(၃၃)ဦး ထပ်မံဝင်ရောက် လာခဲ့သည်။
အဆိုပါဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၃၃)ဦးတို့မှာ အမျိုးသား(၂၄)ဦး၊ အမျိုးသမီး(၉)ဦးတို့ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံ မြို့နယ်မှ(၂)ဦး၊ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်မှ(၁)ဦး၊ မိုးကုတ်မြို့နယ်မှ(၁)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်မှ(၃)ဦး၊ ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်မှ(၁)ဦး၊ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှ(၃)ဦး၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်မှ(၅)ဦး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်မှ(၁၂)ဦး၊ ကျောက်မဲမြို့နယ်မှ(၁)ဦးနှင့် ကွမ်းလုံမြို့နယ် မှ(၄)ဦးတို့ ဖြစ်သည်။
ထိုသို့ ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ဝင်ရောက်လာသည် နေရပ်ပြန်ပြည်သူ(၃၃)ဦးမှ ချင်းရွှေဟော်မြို့နှင့် ထိစပ်လျက်ရှိသည့် လားရှိုးခရိုင်၊ ကွမ်းလုံမြို့နယ်မှ နေရပ်ပြန်ပြည်သူ(၄)ဦးတို့အား ကွမ်းလုံမြို့နယ်မှ တာဝန်ရှိသူများနှင့် ချိတ်ဆက်ပြီး စနစ်တကျစီစဉ် လွှဲပြောင်းပို့ဆောင် ပေးခဲ့ကာ ကျန်ရှိသည့် အခြားမြို့နယ်များမှ နေရပ်ပြန်ပြည်သူ(၂၉)ဦးတို့အား ချင်းရွှေဟော်မြို့၊ မြို့တော်ခန်းမ၊ Quarantine Center တွင်ထားရှိပြီး ချင်းရွှေဟော်မြို့၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ၎င်းတို့အား ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ Rapid Test Kit ဖြင့် စစ်ဆေးခြင်းနှင့် ဓါတ်ခွဲနမူနာ Swab များ ရယူပြီး စစ်ဆေးနိုင်ရန် မူဆယ်မြို့၊ ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာနသို့ ဆက်လက်ပို့ဆောင် စစ်ဆေးသွားမည်ဖြစ်ကြောင်း ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီထံမှ သိရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)