နမ့်စန်မြို့နယ် အမှတ်(၅)ကျေးရွာအုပ်စုတွင် ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များ ပြန်လည်ရွေးချယ်ဆောင်ရွက်ရန်အတွက် ကြီးကြပ်ရေးအဖွဲ့ရွေးချယ်

နမ့်စန်() ဇွန် ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်၊ အမှတ်(၅)ကျေးရွာအုပ်စုတွင် ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများကို အုပ်ချုပ်ရေးဆိုင်ရာဥပဒေ၊ နည်းဥပဒေနှင့်အညီပြန်လည်ရွေးချယ်ဆောင်ရွက်ရန်အတွက် ကြီးကြပ်ရေးအဖွဲ့(၅)ဦး ရွေးချယ်ခြင်းကို ယနေ့နံနက်၁၀နာရီက အမှတ်(၅) ကျေးရွာဓမ္မရုံတွင်ဆောင်ရွက်ခဲ့ရာ အမှတ်(၅)ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၈)ရွာမှ ပြည်သူ(၁၅၀)ဦးခန့် တက်ရောက်ခဲ့သည်။

ဦးစွာ အမှတ်(၅)ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးတင်ကိုကိုနှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာ အကူအညီပေးရေးအဖွဲ့မှ တာဝန်ရှိသူများက ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊နည်းဥပဒေ၊ပြင်ဆင်ချက်များနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးရွေးချယ် ပုံအဆင့်ဆင့်ကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာအကူအညီပေးရေးအဖွဲ့မှ တာဝန်ရှိသူများက ကြီးကြပ်ရေးရွေးချယ်ခြင်းလုပ်ငန်းများကိုဆောင်ရွက်ခဲ့ရာ တက်ရောက်လာသော အမှတ်(၅)ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာနေပြည်သူများ၏ အဆိုပြုရွေးချယ်မှုအရ ကြီးကြပ်ရေးအဖွဲ့(၅)ဦးကို စနစ်တကျရွေးချယ်ခဲ့ကြောင်း သိရသည်။

ငြိမ်းချမ်းအောင်(နမ့်စန်)